ကျောက်မဲက လူထုတွေ့ဆုံပွဲ တားမြစ်ခံရ၊ မန္တလေးတွေ့ဆုံပွဲ ပျက်


2017.12.23
shan-public-talk-kyaukmae-622 ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ ပြင်ဆင်နေတာကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ တပ်မတော်က လာရောက်တားမြစ်စဉ်
Photo: Khay LoerKyon SNLD

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို မနက်ဖြန်မှာ ကျင်းပဖို့ ပြင်ဆင်နေတာကို တပ်မတော်က လာရောက်တားမြစ်နေတယ်လို့ ကျောက်မဲ မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ဒီနေ့ ပြောပါတယ်။

လူထုတွေ့ဆုံပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကို ခွင့်ပြုချက်မရှိလို့ဆိုပြီး တပ်မတော်က လာရောက်တားမြစ်တာဖြစ် တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

"လာတားတာက စစ်တပ်ပေါ့ဗျာ။ စစ်တပ်က ကျနော်တို့ လုပ်မယ့်ခန်းမမှာ လက်နက်နဲ့ သူတို့ လာပြီးတော့ တားတာရှိတယ်။ အမိန့်ကတော့ ဒုဗိုလ်မှူးကြီး မျိုးထွန်းနိုင် အမိန့်နဲ့ လာတားတာပေါ့။ ဘယ်အဆင့်ကနေ လာလည်းတော့ ကျနော်တို့ မသိဘူး။ ခုလောလောဆယ် သူတို့လာတာက ဒီမှာ ခွင့်ပြုချက်မရှိဘူးပေါ့။ ခွင့်ပြုချက်မရှိလို့ သူတို့ လာတားတာပေါ့ အဲဒီလို သဘောပဲ"

တားမြစ်ခံရတဲ့အတွက် မနက်ဖြန်ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို ဆက်လုပ် မလုပ် ဆိုတာကို ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေ တိုင်ပင်နေကြတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရက အရင်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို ကူညီဆောင် ရွက်ပေးဖို့ အောက်ခြေကို ညွှန်ကြားထားပေမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကတော့ အမျိုးသားအဆင့် နိုင် ငံရေး ဆွေးနွေးပွဲကို ခွင့်ပြုထားတဲ့ လင်းခေးမြို့ကလွဲပြီး အခြားမြို့တွေမှာ မလုပ်ဖို့ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

မန္တလေးမှာ ဒီကနေ့ ကျင်းပမယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံ ပွဲကိုလည်း မနေ့က တိုင်းနယ်လုံဝန်ကြီးက တားမြစ်တဲ့အတွက် မကျင်းပဖြစ်ဘူးလို့ ပြောပါတယ်။

ရှမ်းလူမျိုးတွေများတဲ့ ဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU က ဦးစီးပြီး ကျင်းပနေတာဖြစ်ပြီး ပင်လုံ၊ လားရှိုး၊ တာချီလိတ်၊ မန္တလေးနဲ့ ကျောက်မဲ မြို့တွေမှာ ပြုလုပ်တဲ့ပွဲတွေကို တပ်မတော်က တားမြစ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။