ရှမ်းပြည်နယ် ပင်လောင်းနဲ့ ဖယ်ခုံမြို့အကြား တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အကြား ပင်ပုံရွာနဲ့ လွယ်ဝဲ့ရွာကြားမှာ သြဂုတ် ၁၅ ရက် ဒီနေ့မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ဖယ်ခုံ၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်တွေ၊ ကရင်နီ ပြည်သူ့ကာကွယ် ရေးတပ် KNDF နဲ့ ကရင်နီတပ်မတော် KA တပ်တွေ စုပေါင်းထားတဲ့အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ပင်လောင်းဘက်ကနေလာတဲ့ စစ်ကောင်စီတပ်တွေ ဖယ်ခုံမြို့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဖက်က PNO ပအိုဝ့်ပြည်သူ့စစ်တပ်တွေက ပူးပေါင်းတိုက်နေတယ်လို့လည်း ပြောကြပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူ။ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖက်က နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
နေ့လယ်ပိုင်းမှာ လွိုက်ကော်ကနေ စစ်ကောင်စီက ကား အစီး ၃၀ ကျော်၊ လူအင်အား ၁၀၀ လောက် ထပ် ရောက်လာပြီး ဖယ်ခုံမရောက်မီ ခေါင်းမိုင်းကျေးရွာကနေ လက်နက်ကြီးနဲ့ပစ်လိုက်ရာမှာ ပြည်သူ့ကာကွယ် ရေးတပ်က တစ်ယောက်ဒဏ်ရာရပြီး စစ်ကောင်စီဖက်ကတော့ ငါးဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က နေ့လယ်ပိုင်းမှာ ထပ်မံပြီး သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းလို့လည်း ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။