ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရစစ်တပ်တွေကို တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်၊နှစ်ဆန်းပိုင်းက ကရင်ပြည်နယ်၊မြဝတီခရိုင်တွင် ကင်းလှည့်နေသည့် မြန်မာစစ်သားများ။ Photo:RFA/Moe Thu Ang

လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။

"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက် ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ဝန်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ဝန်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်"

နှစ်ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတယ်လို့လဲ သူက ဆက်လက်ပြောပြပါတယ်။

"ကျနော်တို့သိရသလောက်ကတော့ သူတို့နယ်မြေစိုးမိုးရေး အကုန်လုံးလုပ်မယ်လို့ပြောတယ်၊ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကုန်လုံးရှင်းမယ် အဲလိုကြားရတာပေါ့၊ ကချင်ဘက်မှာဆိုရင် အခု လိုင်ဇာဘက်ပေါ့ ကေအိုင်အို တပ်မဟာ ၄ ၊ အခုပလောင်ဘက်ထွက်နေတဲ့ဟာ ဒါတွေအကုန်လုံး ရှင်းမယ် ဒါတွေ အကုန်လုံးရှင်းပြီးပီဆိုရင်တော့ ရှမ်းဘက်က ဝမ့်ဟိုင်းဘက်ကိုရှင်းမယ် အဲလို ကျနော်တို့သတင်းရတယ်"

ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး ကေအိုင်အိုနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF လက်နက်ကိုင်အဖွဲ့တွေနဲ့ အခုအချိန်အထိ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org