ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးနှိမ်နင်းပေးဖို့ တင်ပြ
2016.07.25

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနေတာတွေ အုပ်စုလိုက် မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ တိုက်တွန်း ကြောင်း အဆိုကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ပြန်လည်စတင်တဲ့နေ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း က တင်သွင်းခဲ့တာဖြစ်ပါတယ်။
"ရပ်ကွက် ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ဘိန်းဖြူအပြင် အထူးသဖြင့် ရာဘ ခေါ် စိတ်ကြွဆေးပြားများ ပေါများနေပြီး ပြည်သူ့ဘက်တော်သားများ တိုင်တန်းမှုရှိပါက လိုက်လံဖမ်းဆီးအရေးယူ မှု ပြုလုပ်သော်လည်း ခဏသာ ရပ်တန့်သွားကာ မကြာခင်အတွင်း ပြန်လည်ရောင်းဝယ် ဖောက်ကားတာ ကို တွေ့ရှိရပါတယ်"
စိတ်ကြွဆေးပြား ခေါ် ရာမ သုံးစွဲရင် အလုပ်ပိုမိုလုပ်ကိုင်နိုင်တယ်ဆိုပြီး သုံးစွဲကြတာ ဖြစ်သလို ပွဲလမ်းသဘင် ကိစ္စတွေမှာပါ သုံးစွဲနေတယ်လို့ ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း က ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြုစုပျိုးထောင်ပေးတဲ့စခန်းတွေကို နိုင်ငံတော်ဘတ်ဂျက်နဲ့ ရေရှည်စီမံကိန်းချမှတ်ပြီး ဖွင့်လှစ်ပေးဖို့လည်း တင်ပြခဲ့ပါတယ်။
ဦးစိုင်းဝမ်းလှိုင်းခမ်းရဲ့ အဆိုကို အမျိုးသားလွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ ဆက်လက်ဆွေးနွေးဖို့ အတည်ပြု ခဲ့တာဖြစ်ပါတယ်။