ရှမ်းပြည်အမျိုးသားနေ့ SSA ဌာနချုပ်မှာ ကျင်းပ
2014.02.07

၆၇ ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချူပ်ရှိရာ လွယ်တိုင်းလျန်းမှာ မနေ့က ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအခမ်းအနားကို RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ထောင်ခန့်က စစ်ရေးပြ ဖွင့်လှစ်ခဲ့တယ်လို့ဆိုပါတယ်။ RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလက ဒီနေ့ဟာ နေ့ထူးနေ့မြတ်တစ်ခု ပဲလို့ RFA ကို ပြောပါတယ်။
“ဒီနေ့ဟာ ကျနော်တို့ ဒီရှမ်းပြည်ကို အုပ်ချူပ်ခဲ့တဲ့ စော်ဘွားများကောင်စီနဲ့ ဒီ ရပလ ပြည်သူလူထု ကိုယ်စားလှယ်များစုစည်းပြီး ညီညွတ်ရေး တည်ဆောက်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နေတဲ့ ကြားကာလမှာ ကျနော်တို့ ပြည်သူလူထုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ ပြည်တွင်းထဲမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ ပြည်သူလူထုထဲမှာရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရရှိပြီးတော့ အနာဂတ်နိုင်ငံရေးကို ကျနော်တို့ ညှိနှိုင်းဆွေးနွေး တိုင်ပင်နိုင်ဖို့အရေးတွေကို ကျနော်တို့ ရည်စူးပြီးတော့ ဒီအခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်ပါတယ်”
RCSS ဌာနချူပ်မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း တို့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်းတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားမှာ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ်က ရှမ်းအမျိုးသားနေ့ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရေးကိစ္စတွေကို ရှင်းလင်းပြောဆိုသွားခဲ့တယ်လို့လည်း ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
“ပြည်ထောင်စုထဲမှာ ရသင့်ရထိုက်တဲ့ ကျနော်တို့ အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့နော်၊ ဒီတန်တူရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ စသည့်အရေးတွေကို ဘယ်လိုပုံဘယ်လိုနည်းနဲ့ ကျနော်တို့ တောင်းဆိုသွားကြမလဲ၊ ဘယ်လိုပုံဘယ်လိုနည်းနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားကြမလဲဆိုတာတွေ ထည့်သွင်းပြောကြားသွားပါတယ်၊ ဘာလို့လည်းဆိုတော့ အခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် ကျနော်တို့ ပြည်သူလူထုတွေကလည်း ကျနော်တို့ RCSS ဖော်ဆောင်နေတဲ့ ဒီနိုင်ငံရေးကိစ္စရပ်တွေမှာ သူတို့နားလည်မှု ရှိစေချင်တဲ့သဘောနဲ့ ထည့်သွင်းပြောကြားခြင်းပဲ ဖြစ်ရပါတယ်လို့ ကျနော်အဲ့လိုပဲ သုံးသပ်တယ်”
ဒီအခမ်းအနားကို တိုင်းရင်းသား မဟာမိတ် ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း လူပရိသတ် လေးထောင်နီးပါး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။