ကျောက်ဂူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံး၊ ၁၃ ဦးဒဏ်ရာရ

စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ DPLA ပြန်ကြားရေးတာဝန်ခံ ကိုမောင်က RFA ကိုပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Facebook/ Danu People's Liberation Front - DPLF

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ DPLA ပြန်ကြားရေးတာဝန်ခံ ကိုမောင်က RFA ကိုပြောပါတယ်။

"၁၆ ရက်နေ့ နေ့လယ် တစ်နာခွဲဝန်းကျင်မှာ တစ်ကြိမ် ညနေလေးနာရီမှာ တစ်ကြိမ် ဗုံးကြဲပါတယ်။ လွယ်ဟောင်ရွာဘက်ဝန်းက လူတွေပါဗျ"

ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး၊ အမျိုးသား(၁)ဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်က အရပ်သား‌တွေ နေထိုင်ရာတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေအပြင် လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေပြီး ထိခိုက်ဒဏ်ရာရရှိတွေကို DPLA က ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ကျောက်ဂူတိုက်နယ်မှာ စစ်ကောင်စီတပ်နဲ့ DPLA ကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် အရပ်သားနေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သလို ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း ရွာသားတစ်ဦး လက်နတ်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org