သဘာဝဓါတ်ငွေ့ပိုက်လိုင်း ရှမ်းလူမှုအဖွဲ့အစည်းတွေ စိုးရိမ်
2013.04.05
ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကိုပို့ဆောင်မယ့် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်ရှိမှုတွေအကြောင်း ရှမ်းလူထု အခြေပြုအဖွဲ့အစည်းက တင်ပြထားတဲ့ “ရွှေဓါတ်ငွေ့ပိုက်လိုင်းကို ရှမ်းတောင်သူ လယ်သမားများက ဆန့်ကျင်သည်” ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ၊် ကျောက်ဖြူမြို့နယ်ကတဆင့် တရုတ်နိုင်ငံ၊ ကူမင်မြို့အထိ မိုင်ပေါင်း ၈၀၀ ကျော်ရှည်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ လာမည့်မေလမှာ လုပ်ငန်းစတင်လည်ပတ်တော့မှာ ဖြစ်တာကြောင့် ဒေသခံတွေ နစ်နာဆုံရှုံးမှုနဲ့ ပိုက်လိုင်းရဲ့အခြေအနေကို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
ဒီပိုက်လိုင်းရဲ့ သုံးပုံတစ်ပုံဟာ ရှမ်းပြည်နယ်တွင်း မြို့နယ် ၇ မြို့နယ်က ဒေသခံတောင်သူလယ်သမားတွေရဲ့ လယ်ယာနဲ့ ဥယာဉ်ခြံမြေ ဧက ၂၀၀၀ ခန့်ကို ဖြတ်သွားတဲ့အတွက် ပိုက်လိုင်းဖြတ်သန်းရာ ပေတစ်ရာဝန်းကျင်ခန့်မှာ ရေကြောင်းပိတ်ဆို့တာ၊ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးတာ၊ လမ်းပျက်စီးတာ၊ မတော်တဆထိခိုက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဓါတ်ပုံတွေနဲ့တကွ ရှင်းပြခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ရှမ်းပြည်နယ်အတွင်းကို ဖြတ်သွားတဲ့ ပိုက်လိုင်းသွယ်တန်းမှုကို ရပ်တန့်ပြီး နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ရှမ်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က စိုင်းခေးဆိုင်က ပြောပါတယ်။
“ပိုက်လိုင်းစဆောက်တာနဲ့ လယ်ယာမြေတွေကို သိမ်းတာတွေ ဖြစ်လာတယ်၊ သစ်သီးခြံတွေကိုပါ သိမ်းလာတာတွေ့ရတယ်၊ အဲ့ဒီဟာတွေကြောင့် ထိခိုက်မှု ပိုများလာတာပေါ့နော်၊ နောက်တစ်ခုက ဒီတောင်သူလယ်သမားတွေက ပိုက်လိုင်းဧရိယာတစ်လျှောက်မှာ သိမ်းထားတဲ့ မြေတင်မကဘူး ပိုက်လိုင်းရဲ့ အောက်ဖက်မှာရော အပေါ်မှာရော လယ်ယာမြေတွေက မလုပ်နိုင်တော့ဘူး၊ နောက်အကျိုးအမြတ်ကလည်း ဒီဂတ်စ်ပိုက်လိုင်းတွေက ကျနော်တို့နိုင်ငံအတွက် တစ်မျိုးသားလုံး အကျိုးအမြတ်အတွက် မဟုတ်ဘူး၊ နောက်ကျနော်တို့ တောင်သူလယ်သမားတွေလည်း ဒီအကျိုးအမြတ်က အသင့်မခံစားရဘူး၊ အားလုံးက တရုတ်ကို ရောင်းချမည့်ဟာဖြစ်နေတယ်၊ အဲ့ဒါကြောင့်မိုလို့ ဒီဟာက အကျိုးအမြတ်မရှိတဲ့အပြင် ထိခိုက်မှုပိုများလာတဲ့အတွက်ကြောင့် ဒီဟာကိုရပ်ဖို့ တိုက်တွန်းရခြင်းဖြစ်တယ်”
ဓါတ်ငွေ့ပိုက်လိုင်းကြောင့် တရားမျှတတဲ့ လျှော်ကြေးမရရှိတာ၊ သီးနှံပင်တွေပျက်စီးတာ၊ လမ်းတွေပျက်စီးတာ၊ စတဲ့အချက်တွေကို အဲဒီအစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။
ဒါ့အပြင် သီပေါမြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သွားတဲ့နေရာတွေမှာ ပိုက်လိုင်းကို လှိုက်စားတတ်တဲ့ ဆားပေါက်မြေသားပေါ်ကနေ ပိုက်လိုင်းသွယ်တန်းထားတဲ့အတွက် ပိုက်လိုင်းယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာမှာကို အနီးဝန်ကျင်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း စိုင်းခေးဆိုင်က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းဝင်တွေက သူတို့ရဲ့အစီရင်ခံစာကို ချင်းမိုင်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို သွားရောက်ပေးအပ်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း တောင်သူလယ်သမားတစ်သောင်းကို ကိုယ်စားပြုတဲ့ မြောက်ပိုင်းရှမ်းတောင်သူလယ်သမား ကော်မတီကလည်း တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ်အစိုးရထံ ဒီနေ့ သွားရောက်တင်ပြခဲ့ကြပါတယ်။