မိုင်းထောင်ထားမှု တပ်ရင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းမည်
2017.12.23
ရှမ်းပြည်နယ် မန်တုံမြို့က အမှတ် ၁၃၀ ခြေလျင်တပ်ရင်းဧရိယာ ပတ်လည် ၅ မိုင်အတွင်း မိုင်းတွေထောင်ထား ပြီး ဒေသခံတွေရဲ့ သွားလာခွင့်တွေကို ကန့်သတ်လိုက်တဲ့အတွက် တပ်ရင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ဒီနေ့ ပြောပါတယ်။
ဒေသခံတွေရဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ စားဝတ်နေရေး လုပ်ကိုင်ခွင့်တွေကို ဟန့်တားရာရောက်ပြီး မလိုအပ်ဘဲ လုပ်လိုက်တာလို့ ယူဆကြောင်း ဒေါ်နန်းမိုးက ပြောပါတယ်။
"မလိုအပ်ဘူးလို့ ကျမထင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတွေရဲ့လွတ်လပ်စွာ ကူးသန်းသွား လာခွင့်၊ လွတ်လပ်စွာ ကိုယ့်စားဝတ်နေရေးအတွက် သူတို့ပိတ်ပင်လိုက်တဲ့သဘောလို့ မြင်နေတယ်၊ ခုချိန်တောင်ယာ လယ်ယာတွေ၊ လက်ဖက်စိုက်ခင်းတွေ သွားလာနေကြတယ်ပေါ့နော်၊ သူတို့အတွက် ကတော့ အရမ်းကို အန္တရာယ်ဖြစ်နေတယ်ပေါ့"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရက်စွဲနဲ့ အမှတ် ၁၃၀ ခြေလျင်တပ်ရင်းမှူး လက်မှတ်နဲ့ မန်တုံမြို့နယ် အုပ်ချုပ်ရေးမှူးကတဆင့် ဒေသခံတွေဆီ အသိပေးစာ ဖြန့်ဝေတာဖြစ်တယ်လို့ ပြောပါတယ်။
တပ်ရင်းရဲ့ လုံခြုံရေးအတွက် ခြံစည်းရိုးတစ်လျှောက်မှာ မိုင်းတွေထောင်ထားကြောင်း၊ တပ်ဧရိယာရဲ့ ၅ မိုင်အတွင်း လှည့်ကင်းတွေ လုပ်ဆောင်မှာဖြစ်ကြောင်း၊ ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးဝေးသွားလိုသူတွေကို လုံခြုံရေးအရ စစ်ဆေးတာတွေ၊ ကျွဲတွေ ၊ နွားတွေ လွှတ်ကျောင်းတာမျိုးတွေ၊ ဖြတ်သန်းသွားလာတာမျိုးတွေ ရှိမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် သတင်းပို့အကြောင်းကြားရမယ်လို့ အသိပေးစာမှာ ပါရှိပါတယ်။
မသင်္ကာတာတေ့ွရှိရင် ပစ်ခတ်ရှင်းလင်းမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မန်တုံဒေသဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ PSLF/TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ လှုပ်ရှားရာနယ်မြေ ဖြစ်ပြီး PSLF/TNLA ကတော့ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။