အစိုးရကြေညာချက် ပြည်သူတွေ မကျေနပ်နိုင်လို့ ဦးဝင်းတင်ပြော

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်က အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကြောင့် ပြည်သူတွေ ရင်ထဲမှာ အကျိတ်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ရန်ကုန်မြို့ ၈ မိုင် ပေါက်စေတီ ကျောင်းတိုက်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ၁၉၆၂ က ၂၀၀၇ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲမှာ ဦးဝင်းတင်က အခုလို ပြောခဲ့တာပါ။

ဒီပွဲမှာ ၁၉၆၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေနဲ့ ဦးဝင်းတင်တို့က အမှာစကား ပြောကြားသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဦးဝင်းတင်က အစိုးရ ထုတ်ပြန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ တောင်းဆိုချက်တွေကို လျစ်လျူရှုတာ ဖြစ်သလို ကိုယ့်အရှက် ကိုယ်ခွဲတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

“ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲပြတာ ဒီအစိုးရလို အစိုးရဟာ ဒီအစိုးရပဲ ရှိမယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒီအခြေအနေတွေ အကုန်လုံးဟာ ကျွန်တော်တို့ဆက်ပြီးတော့ ရုန်းကန်ပြီးတော့ လုပ်သွားရမှာပဲ ဖြစ်တယ်”

ပြည်သူတွေအနေနဲ့လည်း ကိုယ်လိုချင်တာ အတွက် ဆက်လက် ဆောင်ရွက်သွားဖို့ ဦးဝင်းတင်က ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော် တက်ရောက်တဲ့ ဒီတွေ့ဆုံပွဲကို ၁၉၇၄ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကိုကိုလေးက ကြီးမှူး စီစဉ်ပေးတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org