ရသေ့တောင်တိုက်ပွဲအတွင်း ရွာသားခုနှစ်ဦး ပိတ်မိနေ
2019.12.17

စစ်ကြောင်းဝင်ရောက်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က သောင်းဒြားကျေးရွာ ဒေသခံ ၁၃၀၀ နီးပါးဟာ ချောင်း တဘက်မှာရှိတဲ့ အနီးအနား ရွာတွေကို ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရပါတယ်။
အသက် ၁၀၁ နှစ်အရွယ် ရှိကြတဲ့ ဒေါ်မမဖြူ၊ ဦးမောင်ညွှန့်ဦး၊ ၉၁ နှစ်အရွယ် ဦးမောင်သာဇံ၊ ၈၄ နှစ်အရွယ် ဒေါ်မေကျော့ဖြူနဲ့ ဒေါ်ခင်သန်းမောင်မိ၊ ၇၄ နှစ်အရွယ် ဒေါ်စောမြသိန်းနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ စိတ်ဝေဒနာသည် မောင်ကျော်ငြိမ်းထွန်း တို့ကတော့ ထွက်မပြေးနိုင်ဘဲ ရွာထဲမှာ ပိတ်မိနေတယ်လို့ ရသေ့တောင် မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က RFA ကို ဒီကနေ့ ပြောပါတယ်။
“ ၁၄ ရက်နေ့မှာ အစိုးရစစ်ကြောင်း ရောက်လာတော့ ရွာသားတွေ ထွက်ပြေးကြတယ်။ လူ ၁၃၀၀ လောက်ပေါ့။ အဲဒီအထဲမှာ လူ ခြောက်ဦးက အဖိုးကြီးအဖွားကြီးတွေ အသက် ၁၀၀ ကျော် နှစ်ဦးပါတယ်။ သူတို့ပြေးလည်း မပြေးနိုင်ဘူး။ ရွာထဲမှာပိတ်ပြီးမိကျန်ခဲ့တာ။ နောက်လမ်းက ဖမ်းဆီးလာတဲ့ နွားကျောင်းသားလေး တစ်ယောက်၊ သူကလည်း စိတ်သိပ်မနှံ့ဘူး။ အဲဒီ ခုနှစ်ဦးက ရွာထဲမှာ ရှိတယ်။ ၁၄ ရက်နေ့ကတည်းက ဒီနေ့အထိပဲ"
ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေဟာ ဆောင်းရာသီအအေးဒဏ်ကြောင့် အန္တရာယ်ရှိနိုင်လို့ လူ့အခွင့်အရေး ကော်မရှင်နဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဆီကို စာရေးပေးပို့ထားပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ မြို့နယ်အချင်းချင်း ချိတ်ဆက်ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဦးခင်မောင်လတ် က ပြောပါတယ်။
လက်ရှိမှာ တပ်မတော်စစ်ကြောင်းက သောင်းဒြားကျေးရွှာထဲမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
တပ်မတော်သားတွေ တပ်စွဲထားတာကြောင့် ရွာထဲမှာ ဒေသခံတွေ ပိတ်မိသူတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့
"ကျွန်တော်တို့တပ်တွေနဲ့ ဘာမှမဆိုင်ဘူး။ သူတို့ဟာသူတို့ လာခေါ်ချင်လာခေါ်။ သူတို့ဟာ သူတို့ သွားချင်သွားလို့ ရတယ်။ ကျွန်တော်တို့က မသွားပါနဲ့လို့လည်း ပိတ်မထားဘူး။ လာပြီးမခေါ်ပါနဲ့လို့လည်း ကျွန်တော်တို့ ပိတ်မ ထားဘူး။ သူတို့ဟာသူတို့ သွားရဲတယ်ဆိုရင် သွား။ ကျွန်တော်တို့တပ်တွေကို အကူအညီ တောင်းမလား။ ရတယ်။ ကူညီပေးမယ်။ ဘာမှအနှောင့်အယှက်မပေးဘူး။ သူတို့စက်လှေနဲ့လာခေါ်မလား၊ လုံခြုံရေးတောင်လုပ်ပေး အုံးမယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထွက်ပြေးလာတဲ့ သောင်းဒြားကျေးရွာဒေသခံတစ်ဦးက တပ်မတော်စစ်ကြောင်း ဝင်ရောက်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတာဟာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကဝင်လာတဲ့ အင်အားက တစ်ရာဝန်းကျင်လောက်ရှိတယ်လို့ သူက ဆိုပါတယ်။
“သူတို့ဝင်လာတဲ့နေ့လယ် တစ်နာရီခန့်က ဝင်လာတယ်။ ဝင်လာတဲ့အခါ ရွာကလူတွေက သတင်းရပြီးတော့ တစ်ရွာလုံး ထွက်ပြေးကြတယ်။ ဝင်လာပြီးတစ်နေ့လုံးပစ်တယ်။ သူတို့ဘာကို ပစ်တာလဲမသိဘူး။ သောင်းဒြား ရှေ့က တောင်တန်းတွေကို ပစ်တာ။ လက်ရှိ သောင်းဒြားမှာ အသက်ကြီးတဲ့သူ ခုနှစ်ယောက် ကျန်ခဲ့တယ်။ သူတို့က ဖုန်းမကိုင်တတ်ဘူး။ သူတို့ကို ဘယ်သူသွားခေါ်ရဲမလဲ။ ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ထွက်ပြေးနေရတဲ့သူတွေကို"
တပ်မတော်စစ်ကြောင်း ဝင်လာတာနဲ့ ဒေသခံတွေကို ဖမ်းဆီး ခေါ်ယူစစ်ဆေးတာတွေကို လုပ်လေ့ရှိတဲ့အတွက် အခုလို ရွာလုံးကျွတ် ထွက်ပြေးကြရတာဖြစ်ပြီး ဒီလို အနိုင်ကျင့်မှုတွေကို မဖြစ်မနေ အရေးယူရမယ်လို့ လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့က ကိုအောင်ဇော်ဦးက ပြောပါတယ်။
“ပြည်တွင်း အိုးအိမ်စွန့်ပြီး ထွက်ခွာသွားတဲ့ ဒုက္ခသည်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေဖြစ်တယ်။ သူတို့ထွက်ပြေးတာက လက်နက်ကိုင်တွေ ဝင်လာပြီဆိုရင် စစ်ကြောင်းအရ မေးတာမြန်းတာ ရိုက်တာနှက် တာတွေက တိုင်းရင်းသားဒေသတွေမှာ အမြဲတမ်းရှိခဲ့တဲ့ သမိုင်းကြောင်းကရှိတယ်။ ဒီအတွက်ကြောင့် ဒါမျိုးကိုကြောက်လန့်ပြီး ထွက်ပြေးတာတွေရှိတယ်။ အထူးသဖြင့် မပြေးနိုင်တဲ့သက်ကြီးရွယ်အိုတွေက ကျန်ခဲ့တဲ့အတွက် အစိုးရမှာ တာဝန်ရှိတယ်။ ဖြစ်တဲ့နေရာမှာ ဒါတွေဖြစ်နေတယ်လို့ မပြောဘူးဆိုရင် ရှေ့လျောက်ပြီး ဒါတွေက အစိုင်အခဲ အသေးကနေအကြီးကြီး ဖြစ်လာနိုင်တယ်"
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ကလည်း ရခိုင်ပြည်နယ် အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပလက်၀ စတဲ့မြို့နယ် တွေမှာ ကျုးလွန်နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA အဖွဲ့ကလည်း ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေ ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ က အမတ် ဦးဝှေ့တင်း၊ အာဏာရပါတီရဲ့ ဘူးသီးတောင်မြို့နယ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အများအပြားကို AA က ဖမ်းဆီးထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလကနေစပြီး တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် အရေအတွက်ဟာလည်း တစ်သိန်းနီးပါးရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။