ဝက်လက်မြို့နယ် ကျီးကန်ရွာ ဝင်ရောက်စီးနင်းခံရစဉ် လူခုနစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2023.03.03
ဝက်လက်မြို့နယ် ကျီးကန်ရွာ ဝင်ရောက်စီးနင်းခံရစဉ် လူခုနစ်ဦး သတ်ဖြတ်ခံရ ဝက်လက်မြို့နယ် ကျီးကန်ရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Wetlet Informational Network

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက်ရွာမှာ စစ်ကောင်စီ တပ်စစ်ကြောင်း ဝင်ရောက်စီးနင်းမီးရှို့ခံခဲ့ရပြီးနောက် ရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်လောင်း ခုနစ်လောင်းကို မတ်လ ၃ ရက် ဒီနေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက အဲဒီရွာနှစ်ရွာကို မတ်လ ၂ ရက်နေ့ မနေ့က ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန် ဒေသခံတွေက ရွာထဲကို ပြန်ဝင်ကြည့်ရာမှာ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခုနစ်လောင်း တွေ့တယ်။ တချို့က ကျီးကန်ရွာထဲက အိမ်တွေထဲမှာ မီးရှို့ပြီးတော့ သတ်ထားခဲ့တာ။ တစ်ချို့ကျတော့ သေနတ်မှန်ပြီး လဲနေတဲ့ဟာတွေလည်း တွေ့တယ်။ ကျီးကန်ကို မီးရှို့တဲ့အချိန်မှာ လှတောအရှေ့ဘက်က ဝိုက်ဝင်တဲ့လူတွေတို့၊ တချို့ ရွာခံတွေ ထွက်ပြေးတာ နောက်ကျတဲ့သူတွေ စက်လတ်နဲ့ ရမ်းခံရတာ”

သေဆုံးသူတွေထဲမှာ ဒေသခံပြည်သူတွေဖြစ်တဲ့ ကျီးကန်မြောက်ရွာသား အသက် ၇၅ နှစ်အရွယ် ဦးကျော်အေး၊ ကျီးကန်တောင်ရွာသားတွေဖြစ်တဲ့ အသက် ၄၀ အရွယ် ဦးနိုင်မျိုးမင်း၊ အသက် ၅၀ အရွယ် ဦးစိုးတင့်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင် ကျီးကန်တောင်ရွာသား အသက် ၄၅ နှစ် အရွယ် ဦးဘိုသန်းနဲ့ အသက် ၄၀ အရွယ် ဦးမင်းမင်းတို့လည်း သေဆုံးခဲ့ပါတယ်။

နောက်ထပ်သေဆုံးသူ နှစ်ဦးကတော့ ပ.က.ဖ အဖွဲ့ဝင်တွေဖြစ်တဲ့ လှတောရွာသား အသက် ၅၅ နှစ်အရွယ် ဦးချူနဲ့ အသက် ၃၀ အရွယ် ကိုတူးနိုင်တို့ ဖြစ်ကြပါတယ်။

ကျီးကန်ရွာက ပြန်ထွက်သွားတဲ့ စစ်ကြောင်းဟာ မတ်လ ၃ ရက် ဒီနေ့မှာတော့ စိုင်နိုင်ကြီးနဲ့ ဘုန်းဘွဲ့ ရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲမှာ စစ်ကြောင်းသုံးကြောင်း ဝင်ရောက်နေပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၃ ရက်ဒီနေ့ထိ မုဆိုးခြုံဘူတာရွာက နေအိမ် ၅၉ လုံး၊ ဘိုတဲရွာက နေအိမ် နှစ်လုံး၊ အောင်ချမ်းသာရွာက နေအိမ် ၁၀၀ ကျော်၊ ကျီးကန်မြောက်ရွာက နေအိမ် ၁၀၀ ကျော်၊ ကျီးကန်တောင်ရွာက နေအိမ်ခုနစ်လုံး၊ တယ်တောရွာ နေအိမ် ၆၀ ကျော်၊ စုစုပေါင်း နေအိမ် ၃၂၈ လုံး မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။

ဒီနေ့မီးရှို့ခံနေရတဲ့ စိုင်နိုင်ကြီးနဲ့ ဘုန်းဘွဲရွာတွေက နေအိမ်အရေအတွက်တွေကိုတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီလ ၂၈ ရက်နဲ့ မတ်လ ၁ ရက်နေ့ မုဆိုးခြုံဘူတာနဲ့ ဘိုတဲရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာလည်း ဘိုတဲရွာက အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှဟာ မပြေးနိုင်ဘဲ မီးထဲပါသေဆုံးခဲ့ပြီး မုဆိုးခြုံဘူတာရွာက အသက် ၆၀ အရွယ်ဦးမြင့်သန်း ကတော့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်းထဲက လုံခြုံရေးဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိရှိကြောင်း ပြန်လည်ဖြေဆိုပါတယ်။

အခုစစ်ကြောင်းဝင်ရောက်နေမှုကြောင့် အောင်ချမ်းသာ၊ ကျီးကန်၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ ရွာသာကြီး အစရှိတဲ့ရွာတွေက ဒေသခံ တစ်သောင်းလောက်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။