လန်ချန်း - မဲခေါင် အစည်းအဝေး ကျင်းပမယ့် ပုဂံမှာ လုံခြုံရေးတင်းကျပ်

2022.06.30
လန်ချန်း - မဲခေါင် အစည်းအဝေး ကျင်းပမယ့် ပုဂံမှာ လုံခြုံရေးတင်းကျပ် ၂ဝ၂၁ ခုနှစ် မတ်လက ရွှေစည်းခုံဘုရား အနီးတွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
File Photo - AFP

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသမှာ လန်ချန်း-မဲခေါင် အစည်းဝေး ကျင်းပဖို့ရှိတာ​ကြောင့် စစ်ကောင်စီဘက်က ရဲနဲ့စစ်သားအင်အား လုံခြုံရေးတစ်ထောင်ဝန်းကျင်နဲ့ ကင်းလှည့် နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစပြီး ပုဂံမြို့တွင်း လူစည်ကားတဲ့နေရာတွေနဲ့ နန်းတွင်း၊ အာနန္ဒာ၊ သဗ္ဗညု၊ရွှေစည်းခုံစတဲ့ နာမည်ကြီးဘုရားတွေမှာပါ လုံခြုံရေးတင်းကျပ် ထားတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တန့်ကြည်တောင်ပေါ်မှာလည်း လက်နက်ကြီးနှစ်ခု ထားထားပြီး ဧရာဝတီ မြစ်ထဲမှာလည်း စစ်သင်္ဘောတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကျောက်ပန်းတောင်း-ညောင်ဦးလမ်းတစ်လျှောက်လုံးမှာလည်း ကင်းပုန်းတွေရှိနေပြီး ညောင်ဦးမြို့ပေါ်မှာလည်း စစ်ကောင်စီက အချိန်ပြည့် ကင်းလှည့်နေတာတွေ့နေရတယ်လို့ လမ်းဘေး ဈေးသည်တစ်ဦးက ပြောပါတယ်။

"စစ်ကားတွေ၊ရဲကားတွေ မနက်အစောကြီးကတည်း သွားနေကြတာ။ ရဲကားယဉ်တန်း တွေရော စစ်ကားကြီး၊ စစ်ကားအသေးလေးတွေရော ဟိုဘက်သွားလိုက် ဒီဘက် သွားလိုက်နဲ့ ပတ်နေကြတယ်"

လန်ချန်း-မဲခေါင် အစည်းအဝေးကို စစ်ကောင်စီတပ်က ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး တက်ရောက်ဖို့ရှိတယ်လို့ ဒေသခံတွေကပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ လန်ချန်း - မဲခေါင် ပူပေါင်းဆောင်ရွက်ရေး အစည်းအဝေးတက်ရောက်ဖို့ အခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာဖို့ရှိနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောဆိုထားပါတယ်။

လန်ချန် - မဲခေါင် အစည်းအဝေးကို ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံက လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်မယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။