ပုဒ်မ ၆၆(ဃ) ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆို


2017.01.22
66-law-620.jpg ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကိုအမြန်ဆုံး ပြင်ဆင်ပေးဖို့ ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ လူထုဟောပြောပွဲကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အရပ်ဖက်အဖွဲ့တွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူခံခဲ့ရသူတွေ စုစုပေါင်း လူအင်အား ၂၀၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုတဲ့ အန်အယ်လ်ဒီအစိုးရအနေနဲ့ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ပေးဖို့ လိုအပ်ကြောင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး ဦးဆောင်ကော်မတီဝင် ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

"လက်ရှိဦးဆောင်နေတဲ့အစိုးရက ဒီမိုကရေစီကို သွားမယ်ဆိုတာ ယုံကြည်နေတာ၊ အခုတော့ ကျနော်တို့ကို တွေဝေသွားအောင် မလုပ်ကြပါနဲ့၊ ကျနော်တို့ တကယ်ပြည့်ပြည့်ဝဝ ယုံယုံကြည်ကြည်နဲ့ ခရီးဆက်ချင်ပါတယ်၊ ကျနော်တို့ ဒီမိုကရေစီအတွက်သော်လည်းကောင်း၊ နောက် ကျန်ရှိနေသေးတဲ့ လွှတ်တော်ထဲမှာရှိတဲ့ အစိတ်သားကို အပြင်ပြန်ရောက်အောင် လုပ်ဖို့သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးသော်လည်းကောင်း ကျနော်တို့တွေအနေနဲ့ တက်တက်ကြွကြွ လုပ်ချင်ပါတယ်၊ ဒီလိုဘာမှမဟုတ်တဲ့ ၆၆(ဃ)နဲ့ လမ်းပေါ်မထွက်ချင်တော့ဘူး"

လူမှုကွန်ရက် Facebook စာမျက်နှာမှာ နိုင်ငံတော် အကြီးအကဲတွေကို ပုတ်ခတ်ပြောဆို တာတွေနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်အရေးယူခံရတာတွေ များလာနေပါတယ်။

အဲဒီလိုအမှုဖွင့်ခံရတဲ့အခါမှာ နိုင်ငံတော် အတိုင်ပင်ခံကို ပုတ်ခတ်ပြောဆိုရင် အာမခံပေးပြီး တပ်မတော်ကို ထိခိုက်ပြောဆိုတာမျိုးတွေကို အာမခံမပေးတာတွေ ရှိတဲ့အတွက် တရားမျှတမှု မရှိဘူးလို့လည်း ဆန္ဒပြတောင်းဆိုသူတွေက ပြောပါတယ်။

ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးအတွက် ဟောပြောပွဲမှာ အိုင်တီပညာရှင်တွေ၊ ပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူခံခဲ့ရသူတွေ၊ ၆၆(ဃ) အမှုတွေကို လိုက်ပါကူညီပေးနေ တဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင် တို့က ပါဝင်ဟောပြောခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပုဒ်မ ၆၆ (ဃ) အမြန်ဆုံးပြင်ဆင်ပေး စာသားပါ အင်္ကျီတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။