စီတန်းဥပဒေ ပြင်ဆင်ရေး မဆိုသလောက် လုပ်ဆောင်မှုအဖြစ် AI ဝေဖန်


2014.02.21
88-section-18-305.jpg ရန်ကုန်မြို့ တိုင်းတရားရုံးချုပ်ရှေ့မှာ ပုဒ်မ ၁၈ အပါအဝင် မတရားတဲ့ ဥပဒေပုဒ်မတွေ ဖျက်သိမ်းပေးရေး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး အဖွဲ့အစည်း ၅၉ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒပြနေစဉ်
photo: RFA/ Myo Zaw Ko

မြန်မာနိုင်ငံမှာ တရားမဝင် စီတန်းလှည့်လည်မူ ပုဒ်မ ၁၈ ကို လွှတ်တော်က ပြင်ဆင်တယ်ဆိုတာမှာ စတိလောက်သာပြင်တာဖြစ်လို့ မြန်မာအာဏာပိုင်တွေ အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမူတွေ လုပ်နေပါတယ်လို့ ပြောဆိုနေမူအပေါ်မှာ မေးခွန်း ထုတ်ရမှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ Amnesty International က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပုဒ်မ ၁၈ ကို ပြင်ဆင်တဲ့ဥပဒေကို လွှတ်တော်က ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ AI အဖွဲ့ အာရှပစိဖိတ်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Prolly Truscott အဆိုအရ ဥပဒေကို ပြင်ဆင်လိုက်တယ်ဆိုရာမှာ လုံလောက်မူမရှိကြောင်း ပြည်သူတွေအနေနဲ့ အကာအကွယ်မဲ့သလိုဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြောဆိုမူအတွက် အဖမ်းခံရနိုင် တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ အပြစ်ဒါဏ်ချမှတ်တာတချို့ကို လျော့ပေါ့လိုက်သလို၊ ဥပဒေမှာပါဝင်တဲ့ စကားရပ်တချို့ကို ပြုပြင်ပြောင်းလဲ လိုက်တာဖြစ်တာကြောင့် နဂိုမူရင်း ဥပဒေနဲ့ ကွာခြားခြင်းမရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပုဒ်မ ၁၈ ကို စတင်ကျင့်သုံးတဲ့ ၂၀၁၂ အချိန်ကထဲက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်ရပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတွေ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်တဲ့အတွက် ဒါဏ်ငွေအရိုက်ခံရတာမျိုး ဖမ်းစီးခံရတာမျိုးတွေ ခံရနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေအနေနဲ့လည်း ဆန္ဒပြခွင့်ပြုတာမှာ မိမိမလိုလားတဲ့ ဆန္ဒထုတ်ဖေါ်မူမှန်သမျှ အမျိုးသားလုံခြုံရေးနဲ့ အများပြည်သူကို အနှောက်အယှက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလေ့ရှိတယ်လို့ AI ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး AI အဖွဲ့ အာရှပါစိဖိတ် လက်ထောက်ညွန်ကြားရေးမူက မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်ဆိုင်ရာ တိုးတက်မူတွေ တကယ်တန်းလုပ်ဆောင်မယ်ဆိုရင် ကတိတွေမပေးဘဲ လက်တွေ့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ လက်ရှိအနေနဲ့ ပုဒ်မ ၁၈ ဟာ ပြည်သူတွေရဲ့ လွတ်စွာပြောဆိုရေးသားခွင့်ကို ဟန့်တားနေ တဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ကျင့်သုံးနေတဲ့ တခြားသောဥပဒေများထဲက တစ်ခုအပါအဝင်သာ ဖြစ်ပါတယ် လို့ ပြောဆိုလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က မြန်မာအာဏာပိုင်တွေက ပုဒ်မ ၁၈ ကို ပြောင်းလဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး  ဝေဖန်လိုက်သလို ပုဒ်မ ၁၈ နဲ့ ၁၄ ကြိမ်တိုင်တိုင် အရေးယူခံခဲ့ရတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် ဖေါ်ဆောင်ရေးအဖွဲ့က ကိုထင်ကျော်ကလည်း ဒီဥပဒေကို ပြောင်းလဲခြင်းဟာ စာသားတချို့ အထားအသိုပြောင်းတာဖြစ်တယ်လို့ ပြောပါတယ်။

ဦးတင်အောင်ခိုင်က ကိုထင်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။