မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ စတင်


2015.01.14
myanmar-us-human-rights-305.jpg ဒုတိယအကြိမ်မြောက် မြန်မာ-အမေရိကန် လူအခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက် အထိ နေပြည်တော် Park Royal ဟိုတယ်မှာပြုလုပ်စဉ်
Photo: Myo Thant Khaing/RFA

ဒုတိယအကြိမ် မြန်မာ-အမေရိကန် လူအခွင့်အရေး ဆွေးနွေးပွဲကို နေပြည်တော် Park Royal ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပရာ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

နှစ်ရက်ကြာဆွေးနွေးပွဲမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြဌာန်းနိုင်ရေး၊ အဓမ္မ လုပ်စေခိုင်းမှု ပပျောက်ရေးနဲ့ လယ်သမားအခွင့် အရေးတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံကို ဒီလ ၁၁ ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည် နယ်မြောက်ပိုင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို ပြည်နယ်အစိုးရအဖွဲ့နဲ့ ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ့နောက် ရန်ကုန်မြို့မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားအရေး၊ အမျိုးသမီး အခွင့်အရေးနဲ့ သတင်းမီဒီယာ လွတ်လပ် ခွင့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပထမအကြိမ် မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့ပါတယ်။

Tom Malinowski ဦးဆောင်တဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ဒီလ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။