မစ္စတာရှောင်တားနဲလ်နဲ့ NLD ဒု-ဝန်ကြီး ဦးဆက်အောင် ထောင်ထဲမှာ ကိုဗစ်ကူးစက်ခံထားရ
ထောင်ပြောင်းဖို့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးချိန်မှာ မစ္စတာရှောင်တားနဲလ်နဲ့ NLD အစိုးရ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်မှာ ကိုဗစ်ရှိနေတာကြောင့် သီးသန့်ခွဲထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
- 2022-09-30
-
-
-
အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်နဲ့ NLD အစိုးရ ဝန်ကြီးတွေ ထောင်တွင်းမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
မနေ့က အမိန့်ချမှတ်ထားတဲ့ မစ္စတာရှောင်တားနဲလ်နဲ့ NLD ဝန်ကြီးသုံးဦးကို နေပြည်တော် အချုပ်ထောင်ကနေ ရမည်းသင်းထောင်ကို စက်တင်ဘာလ ၃ဝ ရက် ဒီကနေ့ ပြောင်းရွှေ့လိုက်ပြီလို့ ဆိုပါတယ်။
ထောင်ပြောင်းဖို့ ကိုဗစ်စစ်ချိန်မှာ မစ္စတာရှောင်တားနဲလ်နဲ့ NLD အစိုးရ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်မှာ ကိုဗစ်ရှိနေတာကြောင့် သီးသန့်ခွဲထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
မစ္စတာရှောင်တားနဲလ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှုဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ ငါးဦးတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုနဲ့ ထောင်သုံးနှစ်စီ စက်တင်ဘာလ ၂၉ ရက်နေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုတွဲမှာပါတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နောက်ထပ် တရားရင်ဆိုင်ဆဲ အမှုတွေ ကျန်ရှိနေသေးတာကြောင့် နေပြည်တော် အချုပ်ထောင်မှာပဲ ဆက်ထားထားတယ်လို့ဆိုပါတယ်။
မစ္စတာရှောင်တားနဲလ်တို့ကို ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ကိစ္စနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံထားရမှု အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာတော့မရှိသေးပါဘူး။
စစ်ကောင်စီတရားရုံးက မစ္စတာရှောင်တားနဲလ်အပေါ် အခုလို ပြစ်ဒဏ်ချမှတ်တာကို သြစတြေးလျအစိုးရအနေနဲ့ ကန့်ကွက်ကြောင်းနဲ့ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတယ်လို့ သြစတြေးလျအစိုးရက စက်တင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သူဟာ မတရားဖမ်းဆီးခံရတာ ဖြစ်သလို တရားခွင်မှာ ကြားနာစစ်ဆေးမှုကို နားထောင်ဖို့ သြစတြေးလျ သံတမန်တွေရဲ့ ကြိုးပမ်းမှုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတရားသဖြင့် ဖမ်းဆီးခံရတာဖြစ်လို့ မိသားစုတွေရှိရာ သြစတြေးလျကို ပြန်လာနိုင်ဖို့ လုပ်နိုင်သမျှအကုန်လုံး ဆက်လက်လုပ်ဆောင်မယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က သြစတြေးလျသတင်းစာ The Canberra Times ကို ဖြေဆိုထားပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာရှောင်တားနဲလ်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား (Macquarie) တက္ကသိုလ်၊ မြန်မာဖွံ့ဖြိုးရေးအင်စတီကျူမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အဲဒီတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ပါတယ်။
စီးပွားရေးပညာရှင် တစ်ဦးအဖြစ် ဩစတြေးလျ Reserve Bank (Reserve Bank of Australia) မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး အာရှတိုက်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကစိတ်ဝင်စားသူ ဖြစ်တာကြောင့် ၂၀၀၀ ပြည့်နှစ်ကစပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
မစ္စတာရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး ထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။