မြန်မာသင်္ဘောသားတဦး ဓာတ်ငွေ့ကြောင့် သတိမေ့ သေဆုံး
2011.05.11
အသက်၂၈နှစ်အရွယ် ကိုခင်မင်းဆက်ဟာ သင်္ဘောပေါ်မှာ သန့်ရှင်းရေး လုပ်နေတုန်း အဆိပ်သင့်စေတဲ့ ဓာတုဓာတ်ငွေ့ ရှူမိရာက လဲကျသွားပြီး လုပ်ဖော်ကိုင်ဖက်တဦးက ဆိပ်ကမ်းစောင့်တပ်ကို အကြောင်းကြားကာ ဆေးရုံကို ပို့ခဲ့ကြောင်း ဆေးရုံအရောက်မှာတော့ သေဆုံးသွားကြောင်း တောင်ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူ ကိုဇော်မိုးအောင်က RFA ကို ပြောပါတယ်။
“ကိုခင်မင်းဆက်၊ အသက် ၂၈ နှစ်ဟာ ဒီ သင်္ဘော ဝမ်းဗိုက်ပိုင်းမှာပေါ့ သန့်ရှင်းရေး လုပ်နေစဉ်မှာ ဓာတ်ငွေ့ကို ရှူမိပြီးတော့ မူးမေ့ပြီးတော့ ဆေးရုံ ရောက်တဲ့အခါမှာ သေဆုံးသွားပါတယ်ခင်ဗျာ။ ကိုရီးယန်းတွေက ဆေးရုံကို ဖုန်းဆက် မေးကြည့်ပြီးသွားပြီလေ။”
ကိုခင်မင်းဆက် အလုပ်လုပ်နေတဲ့ သင်္ဘောဟာ ဓာတုပစ္စည်း တန်ချိန်ပေါင်း ၁၆၀၀ နီးပါး တင်ဆောင်ထားပြီး အဲဒီသင်္ဘောကနေ ဘင်ဇိုင်းလို့ ခေါ်တဲ့ အဆိပ်ဓာတ်ငွေ့တမျိုး ယိုစိမ့်နေတာ ဖြစ်နိုင်ကြောင်း၊ ဒါကို ရှူရှိုက်မိလို့ အခုလို သေဆုံးရတဲ့အထိ ဖြစ်နိုင်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
လောလောဆယ်မှာတော့ မြန်မာသင်္ဘောသား ကိုခင်မင်းဆက်ရဲ့ ရုပ်အလောင်းကို အူးလ်ဆန်မြို့ ဆေးရုံ အအေးခန်းထဲမှာ ထားထားပြီး၊ သူဘယ်လို သေဆုံးသွားရသလဲ ဆိုတဲ့ အသေးစိတ်အကြောင်းကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက် စစ်ဆေးနေကြောင်းလည်း သိရပါတယ်။