အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စီမံခန့်ခွဲမှုကို ကုမ္ပဏီ ၂ ခု လုပ်ခွင့်ပြု
2013.04.10
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပြိုင်ပွဲဖြစ်မြောက်ရေး စီမံခန့်ခွဲမှုအကျိုးတော်ဆောင်အဖြစ် နိုင်ငံခြားကုမ္ပဏီ ၂ ခုကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌါနက လုပ်ပိုင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
စင်္ကာပူနိုင်ငံအခြေစိုက် Dentsu Sports Asia ဂျပန်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ JK အကြံပေးကုမ္ပဏီတို့ကို လုပ်ခွင့်ပြုလိုက်တာပါ။
ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံသား ၄၅ ယောက်နဲ့ ထိုင်းနိုင်ငံသားအယောက် ၂၀ ကို မြန်မာအိုလံပစ်ကော်မတီက ခန့်ထားတဲ့ နိုင်ငံတကာနည်းပြဆရာတွေနဲ့ အားကစားသမားတွေကြား စကားပြန်လုပ်ပေးဖို့ မြန်မာအစိုးရက ငှားရမ်းမယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံက ပါဝင်ယှဉ်ပြိုင်မယ့် ဆီးဂိမ်းပွဲတော်ကို အခုလာမယ့် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်ထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။