မော်ချီးမှာ ကျောင်းတွေ ပြန် မဖွင့်နိုင်သေး


2016.05.26
students-620.jpg ကျောင်းသား ကလေးငယ်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - အာရုံဦး

ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းက ရပ်ကွက် ၃ ခုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြေ ပြိုကျမှုကြောင့် ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို အခုချိန်ထိ ပြန်မဖွင့်နိုင်သေးတာကြောင့် ဒေသခံ ကျောင်း သား ကျောင်းသူ ၆၀၀ ကျော်ဟာ ဒီနှစ် ကျောင်းတက်နိုင်ဖို့ မသေချာဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူတွေမနေသင့်တဲ့ အန္တရာယ်ဇုန်လို့ သတ်မှတ်ပြီး စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့နှစ်မိုးတွင်းကစပြီး ပိတ်လိုက် တာဖြစ်တယ်လို့ ဒေသခံ ကိုအာရုဏ်ဦး က ပြောပါတယ်။

"ရပ်ကွက်သုံးခုက ကျောင်းသုံးကျောင်းကို ပိတ်ခံထားလိုက်ရတယ်၊ အရင်အစိုးရက ပြီးခဲ့တဲ့နှစ် မိုးတွင်းတုန်း က မြေပြိုတဲ့ကိစ္စကို အကြောင်းပြုပြီးတော့ စပိတ်လိုက်တာပေါ့၊ စာသင်ခွင့်လေးပြန်လိုချင်လို့ ကျနော်တို့တောင်း ဆိုခဲ့တယ်၊ အစိုးရလူကြီးတွေ အားလုံးကိုလည်းတွေ့တယ်၊ အစိုးရကလည်း အန္တရာယ်ရှိတယ်ဆိုပြီးတော့ ကျနော် တို့ကို အကြောင်းအမျိုးမျိုးပြထားတာပေါ့၊ ဒီကျောင်းတွေက ဆရာ ဆရာမတွေကိုလည်း တခြားကျောင်းတွေကို ပို့လိုက်တယ်၊ ကျနော်တို့ရွာနဲ့ ဝေးတဲ့နေရာတွေကို ကျောင်းဆောက်ပေးပြီးတော့ စာသင်ခိုင်းတာပေါ့၊ ၁ဝ မိုင်လောက်ရှိတဲ့ကျောင်းကို သွားတက်ဖို့ဆိုတာကလည်း မဖြစ်ဘူးဗျ"

မော်ချီးဒေသ ၁၃ကုန်းရပ်ကွက်၊ တောင်ပေါ်ရပ်ကွက် နဲ့ ၄၆ ရပ်ကွက်တွေမှာရှိတဲ့ ကျောင်းတွေကို ပိတ်လိုက်ပြီး ဆရာ၊ ဆရာမတွေကို တာဝန်ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

အဲဒီရပ်ကွက် ၃ခုမှာ မူလတန်းကျောင်းသား ကျောင်းသူ ၂၀၀ နီးပါးရှိပြီး အလယ်တန်းကျောင်းသား ကျောင်းသူ ၅၀၀ နီးပါး ရှိတာဖြစ်ပါတယ်။

ကျောင်းသားမိဘတွေ စုပေါင်းပြီး ဆရာ/ဆရာမတွေကို တာဝန်ပြန်ချပေးဖို့နဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေး ဖို့ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုဖို့လည်း စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၁ရက်နေ့က မော်ချီးဒေသမှာ မိုးကြီးပြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ နီးပါး ရှိခဲ့ပါတယ်။

ဒေသခံ ကိုအာရုဏ်ဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။