စစ်တပ်က ၂၅ ဦးထက်မနည်း သေဆုံးကြောင်း ဆော PDF ပြော
မကွေးတိုင်း ကျောက်ထုမြို့ကနေ ဆောမြို့ကိုချီတက်လာတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက သုံးရက်တာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဘက်က ၂၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဆော PDF က ပြောပါတယ်။
စစ်ကား ၁၆ စီး ယာဉ်တန်းနဲ့ စစ်သည်အင်အား ၃၀၀ ကျော်ပါတဲ့ အဲဒီယာဉ်တန်းဟာ ကျောက်ထု-ဆောလမ်းပိုင်းကို ဖြတ်သန်းလာစဉ် ဖေဖော်ဝါရီ ၁၁၊ ၁၂၊ ၁၃ ရက်တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“လမ်းတောက်လျှောက်ကတော့ မိုင်းကွင်းကြီးပဲဆိုတော့ သူတို့က ဖြည်းဖြည်းချင်းပဲ သွားရတာပေါ့။ သူတို့က အင်အားများတော့ အနားကပ်ဖို့မလွယ်ဘူး။ အဝေးကနေ ပစ်တယ်။ တောထဲကနေ ချောင်းပစ်တယ်။ ပြောက်ကျားနည်းစနစ်ပါပဲ။ ဒါကြောင့် ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ သူတို့ဘက်က အကျဆုံးများတာ”
PDF SAW အဖွဲ့နဲ့အတူ YDF (Saw & Kyaukhtu)၊ CDF Kanpetlet၊ CNA/CNF၊ ညောင်ရမ်းတပ်ဖွဲ့၊ ပေါက် (တောင်ပိုင်း) ပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်မှာ အဲဒီစစ်ယာဉ်တန်းဟာ ဆောမြို့ထဲရောက်လာခဲ့ပြီး သေဆုံးသွားတဲ့ စစ်သားတွေကို သင်္ဂြိုဟ်ခဲ့သလို ဒဏ်ရာရစစ်သားတွေကိုလည်း ဆေးကုသရတာတွေရှိခဲ့ တယ်လို့ ပြောပါတယ်။
ဒီနေ့မနက်မှာတော့ စစ်ယာဉ်တန်းဟာ ဆောမြို့ကနေ ပြည်လည်ထွက်ခွာနေပြီဖြစ်သလို လမ်းလျှောက်ချီတက်သွားတဲ့အဖွဲ့တွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။