ဆောမြို့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု လူ ၄ ဦးသေဆုံး၊ ၄ ဦးပိတ်မိ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးကာ ၄ ဦးပိတ်မိနေတယ်လို့ သိရပါတယ်။

ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် ပိတ်မိတဲ့သူတွေကို ကယ်ဆယ်ဖို့ဆောင်ရွက်ရာမှာ ကယ်ဆယ်ရေးပစ္စည်း မစုံတာကြောင့် အထဲထိဝင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆောမြို့ ဒေသခံ ကိုထွန်းထွန်းဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။

"ကယ်ဆယ်ရေးအဖွဲ့တွေက အထဲထဲထိ တအားမဝင်နိုင်ဘူးဖြစ်နေတာ၊ အနံ့တွေက တအားဆိုးဝါးနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေ နှစ်ခါဆင်းပြီးပြီ၊ ဒီတခါဆင်းဖို့ တအားမလွယ်ဘူးဖြစ်နေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေမှာ ပစ္စည်းကိရိယာ မစုံလင်တော့လေ အောက်ဆီဂျင်ဘူးတွေ ဘာတွေ အဲလိုမျိုး မစုံလင်ဘူးဖြစ်နေတာ၊ တွင်းထဲမှာ စောစောက တစ်ဦး ထုတ်လာပြီဆိုတော့ သေဆုံးတာ ၄ ဦးရှိပြီ အထဲမှာတော့ ၄ ဦးကျန်သေးတယ်"

အဲဒီကျောက်မီးသွေးတွင်းကို ထွန်းရာဇာ ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီက တူးဖော်နေတာဖြစ်ပြီး မနေ့က မနက်ပိုင်းက လူ ၁၂ ဦး ဝင်ရောက်ချိန်မှာ ပေါက်ကွဲတာဖြစ်ပါတယ်။

အဲဒီအထဲက ၇ ဦး ကယ်ထုတ်နိုင်ခဲ့ပေမယ့် ၃ ဦးသေဆုံးကာ တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လည်း သိရပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်တဲ့နေရာကို ထွေအုပ်၊ မီးသတ်၊ ရဲတပ်ဖွဲ့စတဲ့ ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့တွေက ကယ်ဆယ်ရေးအတွက် ကူညီဆောင်ရွက်နေပြီး ကျောက်မီးသွေးတွင်းကနေ ဂက်(စ်)တွေ ထွက်နေတာကြောင့် အထဲကို ဝင်ရောက်ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေတယ်လို့ ကိုထွန်းထွန်းဝင်း ကပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲတာကြောင့် လူ ၅ ဦးသေဆုံးခဲ့ပြီး လူလေးဦး ဆေးကုသမှုခံယူခဲ့ရပါတယ်။