ဆောမှာ အရပ်သား ၂၆ ဦး ဖမ်းဆီးခံထားရ
2023.03.01

မကွေးတိုင်း ဆောမြို့နယ်၊ သရက်ချဉ်ရွာက အရပ်သား ၂၆ ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငါးရက်အကြာ မတ်လ ၁ ရက်နေ့ထိ ပြန်လည်လွတ်မြောက် လာခြင်း မရှိသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ အမျိုးသမီး၊ သုံးလအရွယ်နဲ့ သုံးနှစ်အရွယ် ကလေးတွေ ပါဝင်ပြီး သရက်ချဉ်ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ကျောက်ထုမြို့ အမြောက်တပ်ရှိရာ လေယာဉ်ကွင်းထဲကို ခေါ်ဆောင်သွားခံရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က သရက်ချဉ်ရွာထဲကို ဝင်ရောက်စီးနင်းပြီးနောက် လူဦးရေ၊ သန်းခေါင်စာရင်းနဲ့ ဧည့်စာရင်း တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးသွားတာလို့ လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖမ်းဆီးသွားတဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ ကနေ့အထိ ပြန်လွတ်တယ်လို့ ဘာသတင်း အစအနမှ မရသေးဘူး။ သရက်ချဉ်ရွာကို ဖမ်းရုံတင် မကဘူး။ မီးရှို့မယ်ဆိုလို့ တစ်ရွာလုံး ဘာပစ္စည်းမှ မရှိတော့ဘူး။ လူလည်း မရှိတော့ဘူး။ အားလုံးပြေးနေကြရတယ်”
အိမ်ခြေ ၉၀ နီးပါးနဲ့ လူဦးရေ ငါးရာခန့်ရှိတဲ့ အဲဒီရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ် ထပ်မံဝင်ရောက်စီးနင်းမှာ စိုးရိမ်တာကြောင့် ဒီနေ့ထိ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြတာလို့ သူက ဆိုပါတယ်။
ဆောမြို့နယ်ထဲမှာ ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) ၊ ဂန့်ဂေါမြို့ အခြေစိုက် ခလရ (၅၀) နဲ့ ကျောက်ထုမြို့ အခြေစိုက် အမြောက်တပ် အမတ (၃၆၈) တို့ စစ်ကြောင်းထိုးနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၁၆,၀၇၅ ဦးထိရှိနေပါပြီ။