ကချင်မှာ ပိတ်မိနေသူတွေအတွက် ဆန်ဖရန်စစ္စကိုမှာ ဆန္ဒပြ

ကချင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ပိတ်မိနေတဲ့ ဒေသခံရွာသူရွာသားများ လွတ်မြောက်ဖို့ မနေ့က မနက်ပိုင်းက အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့ Union Square မှာ ကချင်မိသားစုများက ဆုတောင်းပွဲ ကျင်းပခဲ့သလို ပိတ်မိနေသူတွေကို ချက်ချင်းကယ်တင်နိုင်ရေး တာဝန်ရှိသူတွေကို တောင်းဆိုလိုက် ပါတယ်။

ဆုတောင်းပွဲနဲ့ ဆန္ဒထုတ်ဖေါ်ပွဲကို တက်ရောက်သူ ၄ဝ ခန့်ရှိပြီး ကချင်သင်းအုပ်ဆရာနဲ့အတူ ကချင်တိုင်းရင်းသား အများစုနဲ့ တခြားတိုင်းရင်းသားများ၊ အမေရိကန်နိုင်ငံသားများလည်း ပါဝင်ကြပါတယ်။

အခမ်းအနားမှာ သင်းအုပ်ဆရာတစ်ဦးက ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ အခြေအနေများကို တက်ရောက်လာ သူများကို ရှင်းပြခဲ့ပြီး ဆန်ဖရန်စ္စကို Bay Area ကချင်မိသားစုများရဲ့ သဘောထားကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ ပါတယ်။

တဆက်တည်း တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေကိုလည်း ချက်ခြင်းရပ်ဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ကချင်ပြည်နယ် ဖါးကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်ဒေသတွေမှာ အစိုးရ တပ်မတော်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပြီး တချို့ဟာ တိုက်ပွဲများကြားမှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ပိတ်မိသူတွေ ကယ်ဆယ်ရေးအတွက်၊ ကချင်ပြည်နယ်အစိုးရနဲ့ ဘာသာရေးအဖွဲ့များ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့အပြင် ပိတ်မိပြည်သူများ လွတ်မြောက်ရေးအဖွဲ့တွေက သွားရောက်ကယ်တင်ဖို့ သဘောတူခဲ့ပေမယ့် ဒုက္ခသည်တွေကို တပ်မတော်ဘက်က ဒေသတွင်းက ထွက်ခွာခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။