မြောက်ကိုရီးယားနဲ့ လက်နက်ရောင်းဝယ်မှု အရာရှိ ၁ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို အရေးယူ


2013.12.17

မြန်မာ့တပ်မတော် အရာရှိတစ်ဦးနဲ့ မြန်မာကုမ္ပဏီ ၃ ခုကို မြောက်ကိုရီးယားလက်နက် အရောင်းအဝယ်ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။

အရေးယူခံရသူတွေကတော့ လူပုဂ္ဂိုလ်အနေနဲ့ ဒုဗိုလ်မှူးကြီး ကျော်ညွှန့်ဦး၊ လုပ်ငန်းတွေအနေနဲ့ Asia Metal ကုမ္ပဏီ၊ စိုးမင်းထိုက် ကုမ္ပဏီနဲ့ Excellence Mineral Manufacturing ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။ သူတို့ဟာ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ် လုပ်ခဲ့ကြတဲ့အတွက် ပစ်မှတ်ထားအရေးယူတာဖြစ်ပြီး၊  မြန်မာအစိုးရတစ်ခုလုံးကို ယေဘုယျ ခြုံငုံအရေးယူတာ မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒုဗိုလ်မှူးကြီး ကျော်ညွှန့်ဦးဟာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံး DDI အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းဌေးရဲ့ကိုယ်စား တာဝန်ယူဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို  ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံးရဲ့ကိုယ်စား မြောက်ကိုရီးယားဆီကနေ မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူခဲ့မှုနဲ့ အမေရိကန်အစိုးရက  ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပိတ်ဆို့အရေးယူခဲ့ပါတယ်။

စိုးမင်းထိုက် ကုမ္ပဏီကတော့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံး DDI ရဲ့ အဝယ်တော်ဖြစ်ပြီး၊ စိုးမင်းထိုက်နဲ့ Excellence Mineral Manufacturing ကုမ္ပဏီတို့ဟာ လက်နက်ပစ္စည်းထုတ်လုပ်ရေး အစီအစဉ်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို မြောက်ကိုရီးယား အရာရှိတွေနဲ့အတူ ပူးပေါင်းပြီး  တင်သွင်းခဲ့ကြတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အလားတူ  Asia Metal ကုမ္ပဏီဟာလည်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံးပိုင်မြေပေါ်မှာ အဆောက်အဦတွေကို မြောက်ကိုရီးယား အလုပ်သမား ၃၀ လောက်နဲ့အတူ ဆောက်လုပ်ခဲ့ပြီး၊ လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကိုလည်း မြောက်ကိုရီးယားကနေ မှာယူတင်သွင်းခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် မြန်မာအစိုးရဟာ မြောက်ကိုရီးယားဆီက စစ်လက်နက်ပစ္စည်းတွေနဲ့ အကူအညီတွေ ရယူတာကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပါမယ်လို့ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် နိုဝင်ဘာလက လူသိရှင်ကြား ကြေညာခဲ့ကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။