စစ်တပ်ခေါင်းဆောင်တွေကို ပိတ်ဆု့ိရေး ကန်လွှတ်တော်ကို PHR တိုက်တွန်း

Burma Human Rights and Freedom Act of 2017 ဆိုတဲ့ "၂ဝ၁၇ မြန်မာပြည် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုဆိုင်ရာ အက်ဥပဒေ" ကို ပြဋ္ဌာန်းနိုင်အောင် အမေရိကန် အထက်လွှတ်တော်က ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စကို နယူးယောက်အခြေစိုက် PHR- လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့က မနေ့က ချီးကျူးလိုက်ပြီး အချိန်မဆွဲဘဲ အထက်လွှတ်တော်တရပ်လုံးက ဥပဒေကြမ်းကို အတည်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီအက်ဥပဒေအရ ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ပြီး ဒီဒုက္ခသည်တွေအပေါ် ပြစ်မှုကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ ထိပ်တန်းစစ်ခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့နိုင်ပါမယ်။

PHR ဟာ ဒီအရေးကိစ္စကို အနီးကပ် လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို မနှစ်က ဒီဇင်ဘာလမှာ သွားရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အထောက်အထားတွေ ရရှိခဲ့ပြီး PHR ညွှန်ကြားရေးမှူး ဒေါက်တာ Homer Venters ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့ဟာ မကြာခင်သီတင်းပတ်တွေထဲ ထပ်သွားဦးမယ်လို့ ပြောပါတယ်။

PHR- လူ့အခွင့်အရေးဆရာဝန်အဖွဲ့ ကြေညာချက်ထုတ်ပြန်တဲ့နေ့ မနက် လေးနာရီလောက်မှာ ရခိုင်ပြည်နယ် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာလာတဲ့ စက်တပ်ငါးဖမ်း ရေယာဉ်တစ်စင်းဟာ Cox's Bazar - Teknaf ကမ်းရိုးတန်းအလွန်မှာ တိမ်းမှောက်သွားလို့ ရိုဟင်ဂျာကလေးသုံးယောက် သေဆုံးသွားပါတယ်။ ရေယာဉ်မှာ လူ ၅၄ ယောက်လိုက်ပါလာပြီး ဒေသခံ ငါးဖမ်းသမားတွေက ၅၁ ယောက်ကို ကယ်ဆယ်နိုင်လိုက်ပါတယ်။