အလုပ်ရှင် အလုပ်သမား ယာယီသဘောတူညီချက် အလုပ်ရှင်ဖောက်ဖျက်

လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမားတွေက အစိုးရအရာရှိတွေရဲ့ တိုက်တွန်းမှုကြောင့် သပိတ်ရပ်လိုက်ပေမယ့် စက်ရုံပိုင်ရှင်က အလုပ်သမား ၂၉ ဦးကို ဒီနေ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အလုပ်သမားဌာန ဒုတိယ ဝန်ကြီးနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ စက်ရုံတာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားရေး ဆောင်ရွက်နေသူတွေ ပါဝင်ပြီး မနေ့ကအထိ ညှိနှိုင်းဆွေးနွေးပွဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်ဘက်က မလိုက်လျောသေးပေမယ့် အာဏာပိုင်တွေရဲ့ တိုက်တွန်းမှုကြောင့် အလုပ်သမားတွေက ဆန္ဒပြပွဲကို ဒီနေ့ ရပ်စဲလိုက်တာပါ။

ညှိနှိုင်းပွဲရဲ့ ယာယီသဘောတူညီချက်အရ ဆန္ဒပြအလုပ်သမားတွေကို အလုပ်မထုတ်ရလို့ သတ်မှတ်ချက်ပါရှိနေတဲ့ကြားက အခုလို အလုပ်ထုတ်လိုက်တာလို့ အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ညွန့်က ပြောပါတယ်။

စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို ဆက်လက်ညှိနှိုင်းဖို့ လာမယ့် ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၅ ရက်နေ့ကြားမှာ ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။