ဆမီးမြို့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရင် စခန်းဖြိုမယ်လို့ စစ်ကောင်စီတပ်ပြော

RFA Burmese
2023.03.22
ဆမီးမြို့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရင် စခန်းဖြိုမယ်လို့ စစ်ကောင်စီတပ်ပြော ဆမီးမြို့ စည်ပင်သာယာရုံးဝင်းအတွင်း မြေနေရာမှာ ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
RFA

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရင် ဒုက္ခသည် စခန်းကိုဖြိုချမယ်လို့ မတ်လ ၂၁ ရက်မှာ စစ်ကောင်စီတပ်က ပြောခဲ့ကြောင်း အဲဒီမှာရှိတဲ့ စစ်ဘေး ဒုက္ခသည်တွေက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ စစ်ဘေးဒုက္ခသည်တွေပြုလုပ်တဲ့ အစည်းအဝေးမှာ ဗျူဟာမှူးဆိုသူက အခုလို ပြောသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ဆမီးမြို့မှာ စစ်ဘေးရှောင်တွေကို ဒီမှာနေလို့ မရတော့ဘူး။ အားလုံးပြန်ရမယ်။ ဒီနေ့၊ မနက်ဖြန်အတွင်း ပြန်ကြဖို့ ပြောတယ်။ မပြန်ရင် ဒီစခန်းကို သူတို့ကိုယ်တိုင် ဖြိုမယ်လို့ ပြောတယ်။ ဘုန်းကြီး ကျောင်းတွေမှာလည်း နေလို့ မရတော့ဘူးတဲ့။ ကျနော်တို့က လည်း မပြန်ချင်လို့ မဟုတ်ဘူး၊ ပြန်ချင်တယ်။ နယ်မြေ မလုံခြုံသေးတာရယ် အခု ချက်ချင်းပြန်ရင် ရွာမှာ အိမ်မရှိတော့ဘူး။ အိမ်တွေ ပြန်ဆောက်ရမယ်၊ တောင်ယာ လုပ်ဖို့ကလည်း မိုင်းရှင်းတာ မလုပ်ရသေးတော့ ခက်တယ်။ အခုက ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး”

မူလနေရပ်ရွာတွေမှာ တိုက်ပွဲလက်ကျန် မိုင်းတွေရှိနေပြီး လက်ရှိအချိန်ထိ မိုင်းမရှင်းလင်း ရသေးသလို နယ်မြေ မလုံခြုံတဲ့အတွက် နေရပ်ပြန်ဖို့ စိုးရိမ်ပူပန်နေကြရတယ်လို့ စစ်ဘေး ဒုက္ခသည်တွေက ဆိုပါ တယ်။

မတ်လ ၁၇ ရက်နေ့ကလုပ်တဲ့ အစည်းအဝေးမှာတော့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန် ဖို့ဆိုပြီး စစ်ကောင်စီတပ် ဘက်က လူတစ်ဦးကို ပိုက်ဆံကိုးထောင်နှုန်းအပြင် အိမ်ထောင်စု တစ်ခုကို ကျပ်ငွေ တစ်သိန်းခွဲစီ ထောက်ပံ့ကြေးပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ဖိအားပေးပြန်ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆမီးမြို့က စစ်ဘေးဒုက္ခသည်တွေဟာ ၂၀၁၉ ခုနှစ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ် ထွက်ပြေးလာခဲ့ရတာဖြစ်ပြီး စစ်ဘေးဒုက္ခသည်အဖြစ် နေထိုင် ကြရတာ လေးနှစ်ကျော်နေပါပြီ။

လက်ရှိ ဆမီးမြို့ မှာ စစ်ဘေးဒုက္ခသည်စခန်း လေးခုရှိပြီး ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာတော့ စစ်ဘေးဒုက္ခသည်စုစုပေါင်း ၈၅၀၀ ကျော်ရှိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။

ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းကျော်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ လေးသောင်းကျော် ရှိနေပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။