ဆားလင်းကြီးမှာ တရုတ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်
2023.12.25

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လူစည်ကားတဲ့ နေရာနှစ်ခုမှာ ဒီဇင်ဘာ ၂၅ ရက်ဒီနေ့ ခရစ္စမတ်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအပြင် တရုတ်အစိုးရအနေနဲ့နဲ့ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ ချက်ချင်းရပ်ဖို့ ချင်းတွင်းမြစ် ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေကိုအားပေးတဲ့ စာသားတွေပါတဲ့ လက်ကမ်းစာစောင်တွေနဲ့အတူ ချောကလပ်မုန့်တွေပါ လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
China: Stop Killing Myanmar People by Supporting Fascist Criminals (တရုတ်အစိုးရ စစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်)၊ China: Stop Killing Myanmar People by Supporting Fascist Criminals (တရုတ်-မြန်မာအနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့အတူရပ်) ဆိုတဲ့ စာတန်းတွေ၊ ရုပ်ပုံတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
သပိတ်လှုပ်ရှားမှုကို အဓိက ရည်ရွယ်ချက်သုံးခုနဲ့ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်အာဏာရှင်တိုက်ထုတ်ဖို့နဲ့ တရုတ်ကို သတိပေးခြင်းဖြစ်သလို ပြည်သူကို အားပေးစကားပြောချင်တာလည်းပါတယ်လို့ ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုအောင်ခန့်ဇော်က RFA ကို ပြောပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ အဓိက ရည်ရွယ်ချက်ပေါ့။ နောက်တစ်ခုက တရုတ်က ပြောမယ်ဆိုရင် မင်းအောင်လှိုင်ဘက်လည်းရှိတယ်။ နှစ်ဖက်ခွထိုင်နေတာပေါ့။ ပြည်သူဘက်လည်း သိပ်မကြည့်ဘူးလေ။ တရုတ်အနေနဲ့ စစ်ကောင်စီဘက်ကို လက်နက်တွေ မထောက်ပံ့ဖို့၊ စစ်ကောင်စီဘက်က အခု တရုတ်နဲ့ ပေါင်းပြီးတော့ ဝင်ငွေတွေရနေတာပေါ့ဗျာ။ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ကြည့်နေတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့က ပြည်သူ့ဘက်ကို ရပ်တည်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ပေါ့။ ပြီးတော့ ပြည်သူတွေကို အားပေးစကားလေးတွေ မျှဝေတာပေါ့။ ပြည်သူတွေမေ့နေတဲ့ ခရစ္စမတ်နေ့ကို ပြန်အမှတ်ရအောင်လည်းပါတယ်”
အခုလို သပိတ်လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူလူထုကို စည်းရုံးမှု၊ အသိပညာမျှဝေပေးမှုနဲ့ ခန်အားပေးမှုအပိုင်းတွေမှာ အဓိကအားသာတဲ့အတွက် သူတို့အဖွဲ့အနေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းဟာ ဒီရက်ပိုင်းအတွင်း တခြားသပိတ်စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီး "သို့...တရုတ်အစိုးရ စစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ် "စာသားနဲ့အတူ လူထုသပိတ် လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေတဲ့ သပိတ်စစ်ကြောင်းဖြစ်ပါတယ်။
သူတို့အဖွဲ့အနေနဲ့ ရန်ကုန် သပိတ်အင်အားစု၊ မန္တလေး သပိတ်အင်အားစု၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ၊ လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီ၊ လက်ပတောင်းတောင်ဒေသ သပိတ်ကော်မတီ၊ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီ၊ အားမာန်သစ် သပိတ်ကော်မတီတို့နဲ့ ပူးပေါင်းပြီး တရုတ်အစိုးရကို မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဖို့ တိုက်တွန်းနေတာလို့ ဆိုပါတယ်။