ငါးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ကျော် TNLA ထံ လက်နက်ချ

RFA Burmese
2024.06.29
ငါးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ကျော် TNLA ထံ လက်နက်ချ ကျောက်မဲမြို့တွင် TNLA တပ်ဖွဲ့ထံ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဥ်။
PSLF/TNLA News

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ငါးရက်အတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇွန်လ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ် မြို့နယ်တွေမှာ ဇွန်လ( ၂၅) ရက်နေ့ကနေ (၂၉)ရက်အထိ စစ်ဆင်ရေး ငါးရက်အတွင်း စစ်ကောင်စီဘက်က လက်နက်ချခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီ ၅၃ ဦးထဲမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့် တစ်ဦး၊ ဗိုလ်ကြီးအဆင့် လေးဦး၊ ရဲအုပ် တစ်ဦး၊ တပ်ကြပ်ကြီး ခြောက်ဦး ပါဝင်ပါတယ်။

ဒါ့အပြင် ဇွန်လ ၂၉ ရက်နေ့ တိုက်ပွဲတွေမှာလည်း TNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်သာယာနဲ့ အာကာမိုး တပ်စခန်းအပြင် နောင်ချိုမြို့က ခလရ - ၁၄၆ စခန်းတွေကို သိမ်းဆည်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်တပ်သားတွေရဲ့ ရုပ်အလောင်းတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ မိုးမိတ်မြို့က ရွှေဆာလီရွာနဲ့ လွယ်ဝိန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စကခ (၂၁)၊ ခလရ(၂၂၃) တပ်စခန်းတွေနဲ့ အခြားတပ်စခန်းတွေကို ထိုးစစ်တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

TNLA ပူးပေါင်းအဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကစပြီး တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာလည်း မိုးမိတ်၊ မိုးကုတ်နဲ့ နောင်ချိုမြို့တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။