ရခိုင်အမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်ရေး RWU ကြိုးပမ်းမည်
2015.12.23

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ရေး သင်တန်းတွေကိုလည်း လာမယ့် နှစ်သစ်ထဲမှာ စတင်လုပ်ဆောင်သွားမယ်လို့ RWU ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဒီကနေ့ ကြေညာ လိုက်ပါတယ်။
နိုင်ငံရေးမှာ ရခိုင်အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး ရုံးခွဲတွေကို တိုးချဲ့ဖွဲ့စည်းသွားမယ်လို့လည်း ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
"ရခိုင်ပြည်မှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး ရုံးတွေကိုလည်း တိုးချဲ့ဖွဲ့စည်းသွားမယ်၊ နောက်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်သွားမယ်၊ ဇန်နဝါရီလအတွင်းမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး ကနေပြီးတော့ ခေါင်းဆောင်သင်တန်းကို ပေးသွားဖို့ရှိတယ်"
ဒါ့အပြင် ရခိုင်အမျိုးသမီးများ အစည်းအရုံး အခြေစိုက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လုပ်ဆောင်ခဲ့တဲ့ ကျန်းမာရေးလုပ်ငန်းတွေကိုလည်း တိုးချဲ့ဖွဲ့စည်းသွားဖို့ အစည်းအဝေးမှာဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်အမျိုးသမီးများအစည်းအရုံး RWU ဗဟိုကော်မတီ အစည်းအဝေးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့အပြီးမှာ ကြေညာချက်ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။