ရုရှားတိုက်လေယာဉ်တွေ စစ်ကောင်စီလက်ထဲရောက်

RFA Burmese
2023.09.10
ရုရှားတိုက်လေယာဉ်တွေ စစ်ကောင်စီလက်ထဲရောက် ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပသည့် International Paris Air Show လေကြောင်းပြပွဲတွင် ပြသထားသော Sukhoi Su-30S SME တိုက်လေယာဉ် ပုံစံငယ်တစ်ခု။
Reuters

ရုရှားနိုင်ငံက မှာထားတဲ့ Su 30 ဖိုက်တာဂျက် တိုက်လေယာဉ်နှစ်စင်း ပထမဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံကို ရောက်နေပြီလို့ စစ်ကောင်စီကုန်သွယ်ရေးဝန်ကြီး ဒေါက်တာချာလီသန်းရဲ့ ပြောကြားချက်ကို ရုရှားအစိုးရပိုင် RIA သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

စစ်ကောင်စီဝန်ကြီး ဒေါက်တာချာလီသန်းဟာ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့စီးပွားရေးဖိုရမ်ကို တက်ရောက်နေပြီး RIA သတင်းဌာနနဲ့ မေးမြန်းချိန်မှာ တိုက်လေယာဉ်တွေရောက်တဲ့အကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

Su-30SME ဖိုက်တာဂျက် ခြောက်စင်းပေးပို့ဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ သဘောတူစာချုပ် ချုပ်ထားခဲ့တာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ရုရှားအစိုးရပိုင် Rosoboronexport လက်နက်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ အဆိုအရဆိုရင် အခုမြန်မာစစ်တပ်လက်ထဲရောက်လာတဲ့ တိုက်လေယာဉ်တွေဟာ တစ်ဖက်ရန်သူရဲ့ လေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ လေကြောင်းကင်းထောက်ဖို့၊ တိုက်ခိုက်ရေးနဲ့ လေကြောင်းပိုင်းလော့ လေ့ကျင့်ရေးလုပ်ဖို့အတွက် ထုတ်ထားတဲ့ ဂျက်တိုက်လေယာဉ်တွေလို့ ရိုက်တာသတင်းက ရေးသားပါတယ်။

ရုရှားမှာ စီးပွားရေးဖိုရမ်တက်နေတဲ့ စစ်ကောင်စီဝန်ကြီးဟာ ရုရှား-မြန်မာ နှစ်နိုင်ငံကြား ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း သဘောတူလက်မှတ်ထိုးဖို့ရှိတယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောဆိုထားပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို အရေးယူဖို့၊ လေယာဉ်ဆီရောင်းချတာတွေ တားမြစ်ဖို့ တောင်းဆိုနေကြချိန်မှာ ရုရှားကနေ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေပို့နေတာဖြစ်ပါတယ်။

ရုရှားအဆင့်မြင့်သံတမန်တွေဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို မကြာမကြာလာရောက်နေသလို စစ်ခေါင်းဆောင်ဟာလည်း ရုရှားကို သွားရောက်တာရှိနေပါတယ်။ စစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားရဲ့လုပ်ရပ်ကို အမေရိကန်အစိုးရက သတိပေးထားပြီး လက်နက်ထောက်ပံ့ပေးနေတာကိုလည်း ရှုတ်ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။