စစ်ကောင်စီတပ်သား ရှစ်ဆယ်ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး
2023.12.31

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီ တပ်သား ရှစ်ဆယ်ကျော် အိန္ဒိယနိုင်ငံဘက်အခြမ်း၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားတယ်လို့ ပလက်ဝ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အခြေစိုက် United News of India သတင်းဌာနကလည်း မီဇိုရမ်-မြန်မာ နယ်စပ်ကနေတစ်ဆင့် မီဇိုရမ်ပြည်နယ်ဘက်အခြမ်း Tuisentlang ရွာထဲကို စစ်ကောင်စီ တပ်သား ၈၃ ဦး ဒီဇင်ဘာ ၂၉ ရက်မှာ ဝင်ရောက်လာကြောင်း အာသံ ရိုင်ဖယ်တပ်ရဲ့ အဆင့်မြင့် ရဲအရာရှိတစ်ဦးက အတည်ပြုတယ်လို့ ရေးထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီ တပ်သား တွေဟာ လက်နက် အပြည့်အစုံနဲ့ မီဇိုရမ်ဘက်အခြမ်းကို ထွက်ပြေးသွားတာလို့ RFA ကို ပြောပါတယ်။
“မီဇိုရမ်ထဲက Tuisentlang ရွာနဲ့ မနီးမဝေးမှာ Parva ရွာရှိတယ်။ အဲဒီမှာ အာသံ ရိုင်ဖယ်တပ်ရှိတယ်။ အဲဒီမှာသွားပြီး သတင်းပို့ပြီးတော့ သွားအညံ့ခံတယ်လို့ ပြောရမှာပေါ့။ ပြီးတော့ Parva ရွာကနေတစ်ဆင့် အာသံရိုင်ဖယ် တပ်ဌာနချုပ် ရှိတဲ့နေရာကို ခေါ်သွားတယ်လို့ နောက်ဆုံး သိရတယ်”
အဲဒီ စစ်ကောင်စီ တပ်သားတွေကို မြန်မာဘက်အခြမ်း ပြန် ပို့၊ မပို့ကိုတော့ အတည် မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
United News of India သတင်းမှာတော့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၈၃ ဦးကို အိန္ဒိယနိုင်ငံ၊ မိုရေးမြို့ ဘက်ကနေ မြန်မာစစ်ကောင်စီဘက်ကို ပြန်ပို့ပေးမယ်လို့ ရဲအရာရှိ တစ်ဦးက ပြောကြောင်း ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်အခြမ်းကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးတာ လေးကြိမ် ရှိပြီလို့လည်း ဆိုပါတယ်။
ပလက်ဝမှာ တိုက်ပွဲ ပြင်းထန်နေပြီး ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ စခန်းကုန်း တွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်နိုင်တယ်လို့ ပလက်ဝ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ပလက်ဝမြို့က စစ်ကောင်စီ အခြေစိုက်စခန်း ခဝဲကုန်း ဗျူဟာကုန်းနဲ့ အိန္ဒိယ - မြန်မာ နယ်စပ်မှာရှိတဲ့ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကို (AA) က သိမ်းပိုက်လိုက်တယ်လို့ ဒီဇင်ဘာလ ၃၀ ရက် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။