တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဋ္ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်းအတွင်းက ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ တရားရေးဝန်ထမ်းတွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကိစ္စကို လုပ်ဆောင်ရာမှာ သူမရဲ့ကော်မတီ တစ်ခုတည်းက မလုပ်ဆောင်နိုင်တဲ့ အတွက် သက်ဆိုင်ရာ ဌာနအသီးသီးတွေက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တွေ့ဆုံပွဲမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

"ကျွန်မတို့ရဲ့ လုပ်ငန်းတွေက ဘာလဲဆိုတော့ ကျွန်မတို့က တရားဥပဒေ စိုးမိုးရေးအတွက် ကျွန်မတို့ရဲ့နိုင်ငံမှာ လက်တွေ့ကျကျ ဘာလုပ်နိုင်မလဲ ဆိုတာကို ကျွန်မတို့ အဖြေရှာဖို့ပါ။ ဒီကိစ္စတွေအားလုံး ကျွန်မတို့ ကော်မတီက လုပ်လို့ရမှာ မဟုတ်ဘူး။ ကျွန်မတို့က ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို လုပ်သင့်သလဲဆိုတဲ့ အဖြေကို ရှာပြီးတော့ သက်ဆိုင်ရာ ဋ္ဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ တိုင်ပင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ ဥပဒေနဲ့ ဆိုင်တဲ့ ဋ္ဌာနတွေ နောက်ပြီးတော့ ကျွန်မတို့က ပြန်ကြားရေး ဋ္ဌာနကိုလည်း ဒီမှာ ပါသင့်တယ်လို့ ကျွန်မတို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေ စိုးမိုးရေးဆိုတာ ပြည်သူတွေရဲ့ ပညာပေးရေးနဲ့လည်း လုံးဝ ကင်းတယ်လို့လည်း ပြောလို့မရပါဘူး။ ပြည်သူတွေက မိမိတို့ရဲ့ အခွင့်အရေးတွေက ဘာလဲဆိုတာလည်း သိဖို့လိုပါတယ်။ သိမှသာလျှင် ပြည်သူတွေ ကိုယ်တိုင်က မိမိတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ခြင်းအားဖြင့် ဥပဒေ စိုးမိုးရေးကို မြှင့်တင်ပေးမှာလို့ ကျွန်မတို့ ဒီလိုမြင်ပါတယ်"

အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ် မရှင်သန်ဘူးဆိုရင် တိုင်းပြည် ဆက်လက် နိမ့်ကျနေဦးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို NLD ရှေ့နေကြီး ဦးကြည်ဝင်းက သဘာပတိအဖြစ် ဦးဆောင်ခဲ့ပြီး ရှေ့နေကြီး ဦးကိုနီ၊ ရှေ့နေကြီး ဦးတင်ယုအပါအဝင် ဥပဒေပညာရှင် (၅) ဦးက တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်သင့်တဲ့ နည်းလမ်းတွေ လာဘ်စားမှုတွေကို တိုက်ဖျက်ဖို့ ဘယ်လိုဆောင်ရွက်သင့်တဲ့ ဆိုတဲ့ အကြောင်းခြင်းရာတွေကိုဦးတည် ဆွေးနွေး ဟောပြောခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက အကြီးတန်းအရာရှိ တချို့နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အရာရှိတချို့ တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ RFA အဖွဲ့သူ ဒေါ်အင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00