RSO အကြမ်းဖက်အဖွဲ့ရဲ့ တိုက် ခိုက်မှု ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် ကို မြန်မာတောင်းဆိုမည်
ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် RSO ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေး အကြမ်းဖက်အဖွဲ့က မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပါတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေး ဖို့ မြန်မာအစိုးရက တောင်းဆိုသွားမယ်လို့ သိရပါတယ်။
-
2014-05-20 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပါတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ မြန်မာ အစိုးရက တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို အတည်ပြုပြောကြားပါတယ်။
"ဘင်္ဂလားဒေ့ရှ်နယ်မြေထဲမှာ အခြေခံပြီးတော့မှ အခုလို အကြမ်းဖက်အဖွဲ့တွေဟာ မြန်မာနိုင်ငံ နယ်မြေထဲကို ဝင်ရောက်ပြီးတော့ တိုက်ခိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံပြောဆိုဆွေးနွေးဖို့ စီစဉ်ထားတာရှိပါတယ်၊ လောလောဆယ်လုပ် ကိုင်ဆဲဖြစ်လို့ အသေးစိတ်ပြောလို့ မရသေးဘူး"
မေလ ၁၇ ရက်နေ့ မနက်ပိုင်းက မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ မွတ်စလင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO အကြမ်းဖက်သမားတွေက လုံခြုံရေးတပ် ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရကာ ၂ ဦး ပျောက်ဆုံးခဲ့ ပါတယ်။ ပျောက်ဆုံးရဲတပ်ဖွဲ့ဝင်တွေကို အဲဒီညနေပိုင်းကပဲ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလဲ မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၃၉ အနီးမှာ RSO လက်နက်ကိုင် ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ မြန်မာတပ်ဖွဲ့ဝင်တွေ ဘက်က ထိခိုက်မှုမရှိခဲ့ဘဲ အကြမ်းဖက်အဖွဲ့ဘက်က ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အခုလို အကြမ်းဖက်သမားတွေ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာနေတာတွေနဲ့ ပတ်သက်ပြီး နယ်စပ်တလျှောက် လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။
RSO အဖွဲ့ရဲ့ အန္တရာယ်နဲ့ အစိုးရရဲ့ ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။