စစ်အစိုးရတင်းကျပ်မှုများကြောင့် ထွက်ပြေးသော ရိုဟင်ဂျာများ ထိုင်းသို့ရောက်ရှိ
2011.01.26

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Arakan Project အဖွဲ့ က Chris Lewa က ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စဉ်က ရိုဟင်ဂျာတွေအပေါ် အာဏာပိုင်တွေက ယာယီမှတ်ပုံတင်တွေ ထုတ်ပေးတာ၊ ပလီတွေ ပြင်ဆင်ခွင့်ပေးတာ စတဲ့ ကန့်သတ်ချက်တွေ လျှော့ပေးခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီး ဒီကန့်သတ်ချက်တွေ ပြန်လည် ကျင့်သုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် အလျှော့ပေးမှုတွေကြောင့် ရိုဟင်ဂျာတွေအကြား မျှော်လင့်ချက် အများကြီး ရှိခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာပါ ဒီလို အတွေးအခေါ်တွေ ဖြစ်ခဲ့ကြောင်း၊ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက အသိအမှတ်ပြုမယ်လို့ ထင်ခဲ့ကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး ဖိနှိပ် ကန့်သတ်မှုတွေ ပြန်ရှိလာခဲ့ကြောင်း Ms. Chris Lewa က ပြောပါတယ်။
ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၉၁ ဦးပါတဲ့ လှေတစီးကို ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံ ထရန်းခရိုင် ကန်ထန်းမြို့နယ်က ပင်လယ်ကမ်းခြေကို ရောက်လာခဲ့ပြီး ထိုင်းရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။ နောက်ရက် တနင်္ဂနွေနေ့မှာ လူ ၆၇ ဦးပါ ဒုတိယမြောက် ရိုဟင်ဂျာဒုက္ခသည် လှေတစီး ဆထွန်းခရိုင် ကမ်းခြေတခုမှာ ထိုင်းအာဏာပိုင်တွေက တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
လောလောဆယ် လှေ ၂ စီးပေါ်က ရိုဟင်ဂျာတွေကို တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်မှုနဲ့ ထိုင်း ရေကြောင်းရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးခဲ့ပြီး မလေးရှားနယ်စပ် ဆောင်ခလ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ကို လွှဲပြောင်းပေးပို့ထားပါတယ်။ သူတို့ကို လာရင်းနိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။