စစ်တွေမှာ ရိုဟင်ဂျာမွတ်စလင် အမျိုးသမီးတဦး သေဆုံး


2016.08.31

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးတဦး ဒီရက်ပိုင်းအတွင်း သေဆုံးခဲ့ရတဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြောင်း ရန်ကုန်မြို့က ဗုဒ္ဓဟူးနေ့လာတဲ့ ရိုက်တာ Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။ အဲဒီ Raysuana ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် မွတ်စလင်မိန်းကလေးကို စစ်တွေမှာရှိတဲ့ မြန်မာစစ်တပ်တခုအနီးမှာ ဝတ်လစ်စလစ်နဲ့ သတိမေ့မျောနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှမြင့်ဆိုသူက သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ သူ့ကို မြန်မာစစ်တပ် အရာရှိတဦးက ခေါ်ယူလို့ အဲ့ဒီနေရာကို ရောက်သွားတဲ့အခါ မြေကြီးပေါ်မှာ လဲနေတဲ့ မိန်းခလေးဟာ အသက်ရူနေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ အဝတ်အစားတွေမရှိဘဲ စောင်တထည်နဲ့ ဖုံးအုပ်ထားကြောင်းနဲ့ အနီးရှိကျေးရွာက ဆေးခန်းကို သယ်သွားပြီးနောက် ညနေပိုင်းမှာ သေဆုံးသွားကြောင်း ပြောပါတယ်။

လူမှုဝန်ထမ်းတဦးကတော့ ဆေးခန်းပို့တဲ့အချိန်မှာ မိန်းကလေးဟာ အသက်ရှူနေပေမယ့် စကားမပြောနိုင်ကြောင်းနဲ့ မုဒိမ်းကျင့်ခံရတယ်လို့ ယူဆကြောင်းပြောဆိုတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဖက်က ထုတ်ပြန်ပြောဆိုချက်ကို မသိရသေးကြောင်း၊ ဒေသခံ ရဲအရာရှိတဦးကတော့ အဲဒီမိန်းကလေးဟာ ရောဂါတခုနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ပြောဆိုကြောင်းနဲ့ သေဆုံးသူကို သက်ဆိုင်ရာက ခွဲစိပ်စစ်ဆေးခဲ့ခြင်းမရှိဘူးလို့ သိရကြောင်း စသဖြင့် ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။