ရိုဟင်ဂျာ နှစ်သိန်းကျော်အပါအဝင် ဒုက္ခသည်သုံးသန်းနီးပါး နေရာချထားရေး UNHCR ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (MUNIR UZ ZAMAN / AFP)

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း ဒုက္ခသည် သုံးသန်းနီးပါးကို ပြန်လည်နေရာချထားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇွန်လ ၅ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂ဝ၂၅ ခုနှစ်အတွက် UNHCR ရဲ့ ကမ္ဘာတစ်ဝန်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး စီမံကိန်းမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံ စတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေ ပါဝင်ပါတယ်။

အဲဒီထဲမှာ ဆီးရီးယားက ဒုက္ခသည် ကိုးသိန်းကျော်(၉၃၃,ဝဝဝ)နဲ့ အများဆုံးဖြစ်ပြီး မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် နှစ်သိန်းကျော် (၂၂၆,၀၀၀) နဲ့ အဆင့် လေးနေရာမှာ ရှိနေတာပါ။

အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ဒုက္ခသည်တွေကို အမြန်ဆုံးကူညီပေးဖို့ UNHCR က တိုက်တွန်းထားပါတယ်။

တစ်ကမ္ဘာလုံးမှာ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရပြီး နေထိုင်မှုစရိတ်မြင့်မားလာချိန်မှာ ဒုက္ခသည်တွေ နေရာချထားရေး လိုအပ်ချက် သိသိသာသာမြင့်မားလာတာဟာ လူသားချင်း စာနာမှုအကူအညီ ပေးအပ်နိုင်တဲ့အခြေအနေ လျော့နည်းစေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်ရတဲ့အချိန်ကာလ ကြာမြင့်တာ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအသစ်တွေအပြင် ရာသီဥတုပြောင်းလဲတာတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ဒုက္ခသည်တွေအခြေအနေတွေ ပိုမို ဆိုးရွားလာစေတယ်လို့ UNHCR က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် တစ်သိန်းနီးပါး(၉၆,၃၁၁) ကို နေရာချထားပေးပြီး အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ဂျာမဏီတို့က အများဆုံးလက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။