ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၃ ရက် တနင်္လာနေ့မှာကျင်းပမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က RFA ကို နယူးယောက်စံတော်ချိန် စနေနေ့လည် ၃ နာရီလောက်က အတည်ပြုပြောကြားလိုက်ပါတယ်။
အဲဒီဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်မယ်လို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကလာတဲ့ သတင်းတစ်ပုဒ်အရ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်ကာလအတွင်း ညီလာခံပြင်ပမှာ တွေ့ဆုံကြမယ့် ဒီဆွေးနွေးပွဲကို တရုတ်အစိုးရက ကမကထပြု စီစဉ်တာ ဖြစ်ပါတယ်။
ဒီကိစ္စမှာ အဓိက ပါဝင်နေသူတဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျင်းမင်က... ရခိုင်ပြည်နယ်ရဲ့ပဋိပက္ခဟာ လူမျိုး၊ ဘာသာ၊ သမိုင်းကြောင်းတွေနဲ့ ခက်ခဲရှုပ်ထွေးပြီး ကာလရှည်ကြာ ပေါ်ပေါက်နေတဲ့ ပြဿနာ ဖြစ်ကြောင်း၊ ရိုဟင်ဂျာအရေး ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရအကြား တွေ့ဆုံဆွေးနွေးခြင်းသာ တခုတည်းသော နည်းလမ်းဖြစ်ပြီး ဒီကိစ္စမှာ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ အပြုသဘော ပါဝင်ကူညီသင့်ကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တနင်္လာနေ့ကျင်းပမည်
