ရိုဟင်ဂျာအရေး ဆိုးကျိုးတွေ မြန်မာရင်ဆိုင်ရဖွယ်ရှိတယ်လို့ စင်္ကာပူသတင်းစာရေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ကတွေ့ရစဉ်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ကတွေ့ရစဉ် (Photo: Myanmar State Counsellor Office Facebook)

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး တစ်ခုခု ထိထိရောက်ရောက် မဆောင်ရွက်ရင် ရေရှည်မှာ နိုင်ငံအတွက် ဆိုးကျိုးတွေ ထွက်ပေါ်လာနိုင်တာ သတိချပ်သင့်တယ်လို့ စင်္ကာပူနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။

အာစီယံအဖွဲ့ဝင် နိုင်ငံတွေအကြား ပြည်တွင်းရေး မစွက်ရဘူးဆိုပေမယ့် အကြံဉာဏ်တွေ ပေးနိုင်ပါတယ်၊ ဒါကြောင့် ခုလိုပြောရပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက မြန်မာအစိုးရအပေါ် ဖိအားပေးတာတွေ အတော်များများ ပေါ်ထွက်နေပြီး အခုရက်ပိုင်းမှာပဲ စင်္ကာပူ လွှတ်တော်အမတ် ၂ ဦး အပါအဝင် အာဆီယံအဖွဲ့က လွှတ်တော်အမတ် ၁၃ဝ ကလည်း မြန်မာအစိုးရကို အလားတူ ဖိအားပေးခဲ့ကြောင်း၊ ကုလသမဂ္ဂ အစီရင်ခံစာကို ကြားနာပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂကလည်း မြန်မာစစ်ခေါင်းဆောင်တွေကို ခရီးသွားလာမှု ပိတ်ပင်တာတွေ၊ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်လာနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှက ဗီတိုအာဏာသုံးပြီး မြန်မာအစိုးရကို အကာအကွယ် ပေးနေပေမယ့် ဒီပြဿနာဟာ ပြီးဆုံး ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ The Straits Times သတင်းစာက ရေးသားထားပါတယ်။