ဘင်္ဂါလီရိုဟင်ဂျာအတွက် ဒေါ်လာ သန်း ၅ဝ ကူညီဖို့ ဆော်ဒီဘုရင် အမိန့်ထုတ်ပြန်

မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

တခြားသတင်း တစ်ပုဒ်မှာတော့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့ ဗြိတိန်အပါအဝင် တခြားနိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုပဲ ဖိအားပေးနေတာမျိုး မဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရ်ှ ဝန်ကြီးချုပ် Mrs. Sheikh Hasina က ပြောလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား (Tomas Qintana) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး ရခိုင်ပြည်နယ်အရေး ပြောဆိုချက်တွေကို ကန့်ကွက်လိုက်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြေညာချက်တွေထဲမှာ 'ရိုဟင်ဂျာ'ဆိုတဲ့ စကားလုံးကို တောမတ်(စ်) ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်း အစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုရာ ရောက်နေတဲ့အတွက် အဲဒီ စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။

"မစ္စတာ ကင်တားနား ပြန်သွားတဲ့ အခါမှာ လေယာဉ်ကွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားတယ်လေ။ အဲဒီသတင်းစာရျင်းလင်းပွဲမျာ "ရိုဟင်ဂျာ" ဆိုတဲ့ ဟာကို သုံးသွားတဲ့ အချက်တစ်ချက်ရယ်၊ ခွဲခြားဆက်ဆံခြင်း ခံနေရတယ်ဆိုတဲ့ အချက်တစ်ချက်ရယ်၊ ၁၉၈၂ ဥပဒေကို ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ အချက် ၃ ချက်၊ ကင်တားနားပြောသွားတဲ့ အချက် ၃ ချက်ပေါ့ဗျာ။ အဲဒီအချက် ၃ ချက်ကို ကျွန်တော်တို့က ကန့်ကွက်တဲ့ အနေနဲ့ သဘောထား ထုတ်ပြန်တာပါ"

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ (Burma Citizenship Law) ကို ပြန်လည် သုံးသပ်ပေးရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့ တိုက်တွန်းကြောင်း၊ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခ ဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်နဲ့ ဖိအားပေး ပြောဆိုခြင်းကြောင့် အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာ အကြောင်း မရှိတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ သမာသမတ်ကျတဲ့ အထူး ကိုယ်စားလှယ်တစ်ဦး ပြောင်းလဲ တာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။