ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

RFA Burmese
2023.09.23
ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ။
UN

ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြတဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

ဒါ့အပြင် လွန်ခဲ့တဲ့ ခြောက်နှစ်က မြန်မာနိုင်ငံကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးခဲ့ပြီး၊ အခုလို ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ ကာလကြာရှည် ရှိနေတာဟာ နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ နိုင်ငံရေးတည်ငြိမ်မှုတို့မှာ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ မသေမချာဖြစ်နေတာဟာလည်း ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် နေရပ်ရင်းပြန်နိုင်ရေးကို ကူညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ကနေဒါ၊ ဂမ်ဘီယာ၊ မလေးရှား၊ တူရကီ၊ ဗြိတိန်နဲ့ အမေရိကန်တို့ ကျင်းပတဲ့ “သူတို့ ငါတို့ကို မေ့သွားပြီလား” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ရိုဟင်ဂျာအရေးဟာ လူသားချင်းစာနာမှုကိစ္စရပ်ဖြစ်ပေမဲ့ နိုင်ငံရေးအရ ဖြေရှင်းတာဟာ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့အပြင် ရိုဟင်ဂျာအရေးကို ဖြေရှင်းတာဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းတဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

၂ဝ၂၃ မတ်လအထိ UNHCR စာရင်းအရ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။