ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
2024.06.01

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို မြန်မာပြည်ပြန်ပို့နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို သုံးရက်ကြာရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Dennis Francis ၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi အပြင် ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း ခြောက်ခုက အကြီးအကဲတွေနဲ့ မေလ ၃၁ ရက်နေ့က သီးခြားစီ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအစီအစဉ် နှောင့်နှေးနေတာကြောင့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဟာ လူကုန်ကူးမှု၊ မူးယစ်မှောင်ခိုမှု၊ ဒုစရိုက်မှု၊ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားရာ နေရာဖြစ်လာတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Dennis Francis နဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီ ဘစ်ရှော့နဲ့ တွေ့ဆုံချိန်မှာတော့ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အသစ်အဆန်းမဟုတ်သလို ဒါကို ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အစီအစဉ်နှောင့်နှေးစေတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် သုံးဖို့ အခွင့်အရေးမပေးသင့်ဘူးလို့ ပြောခဲ့ပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာလည်း ထိခိုက်သေဆုံးတာတွေ ကြုံနေရပြီး၊ ဒီအခြေအနေတွေ ထပ်မဖြစ်ပွားအောင် တားဆီးဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mahmud က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
ကာလရှည်ကြာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ပြေလည်အောင် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်းဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကလည်း မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေကို ထပ်ပြီး လက်ခံမှာမဟုတ်ဘူးလို့ မေလ ၃၁ ရက်နေ့က ဒေသတွင်း သတင်းဌာနတွေကို ပြောလိုက်ပါတယ်။ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်စစ်ဆေးချိန်မှာ သတင်းထောက်တွေကို ပြောလိုက်တာလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ဖော်ပြကြပါတယ်။