တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာကို ပေါင်းထည့်ပြီး ၁၃၆ မျိုး သတ်မှတ်ပေးဖို့ အချက်အပါအဝင် ရခိုင်ပြည်နယ် အတွင်းက မွတ်စလင်ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းပေးရေး လိုလားကြောင်းစာကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်တပ်မတော်နဲ့ အစိုးရထံ မနက်ဖြန် ပေးပို့သွားမယ်လို့ RFA ကို ပြောပါတယ်။
စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းပြီး အဲဒီလူတွေကို မူလနေရပ်တွေမှာ ပြန်လည်နေရာချထားပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေး ဥပဒေကို ပြင်ဆင်ဖို့နဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာသွားလာ ခွင့်ပြုဖို့ စတဲ့အချက်တွေပါဝင်တဲ့ တောင်းဆိုချက်တွေကို တင်ပြသွားမယ်လို့ ဘာလူဟာလီ ဒုက္ခသည်စခန်းက စခန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မိုဟာမက်ဂျူဟာရ် က ဒီနေ့ ပြောကြားတာဖြစ်ပါတယ်။
မနေ့က ဒုက္ခသည်စခန်းအသီးသီးက ခေါင်းဆောင်တွေတွေ့ဆုံပြီး အခုလိုတင်ပြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စခန်းခေါင်းဆောင်တွေ ကပြောကြပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းရောက်ရှိနေသူတစ်ချို့ကို မြန်မာအစိုးရဘက်က ASRA အကြမ်းဖက် အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားတာတွေရှိပြီး ဒါတွေကို ရုပ်သိမ်းပေးဖို့အတွက်လည်း ထည့်သွင်းတောင်းဆိုသွားမယ်လို့ သူက ပြောပါတယ်။
မနေ့က ဒုက္ခသည်စခန်းအသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံပြီး အခုလိုတင်ပြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စခန်းခေါင်းဆောင်တွေက ပြောကြပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းရောက်ရှိနေသူတချို့ကို မြန်မာအစိုးရဘက်က ASRA အကြမ်းဖက် အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားတာတွေရှိပြီး ဒါတွေကို ရုပ်သိမ်းပေးဖို့အတွက်လည်း ထည့်သွင်းတောင်းဆိုသွားမယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက Unchiprang ရိုဟင်ဂျာ စခန်းမှာ မနေ့က ဒုက္ခသည်တွေက ဆန္ဒပြခဲ့ကြတာကြောင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ စခန်းအသီးသီးက ခေါင်းဆောင်တွေကို ခေါ်ယူညှိနှိုင်းခဲ့ပါတယ်။
အဲဒီလို ခေါ်ယူညှိနှိုင်းခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ဘက်က စခန်းအတွင်းက မိမိဆန္ဒအလျောက်ပြန်ချင်သူတွေ ကိုသာ ပြန်ပို့မှာဖြစ်ပြီး အတင်းပြန်ပို့မှာ မဟုတ်ကြောင်း ကတိပေးပြောခဲ့တယ်လို့ ဘာလူဟာလီ ဒုက္ခသည်စခန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက်ဂျူဟာရ် က ပြောပါတယ်။
"မြန်မာနိုင်ငံကို ပြန်မယ့်ဟာအကုန်လုံး ဘင်္ဂလားဒေ့ရှ် အစိုးရက ဖျက်သိမ်းထားပါတယ်။ အစိုးရအရာရှိက ပြန်စရာမလိုဘူး။ ကိုယ့်ဘာသာ ကိုယ့်စခန်းမှာ အေးအေးဆေးဆေးနေလိုက်ပါဆိုတော့ ကျေနပ်သွားပါတယ်။ ဆန္ဒထပ်ပြီးတော့ မပြဖြစ်တော့ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် တိုင်းမှူးအဆင့်ရှိသူတစ်ဦးပါ။ မိမိဆန္ဒ အလျောက်ပြန်မယ်ဆိုရင် ပြန်ပို့ပေးမယ်။ ဒီတိုင်းအတင်းအကျပ် ပြန်ပို့မှာမဟုတ်ဘူးလို့ ပြောပါတယ်"
ဒုက္ခသည်စခန်းခေါင်းဆောင်တွေရဲ့ ပြောဆိုချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က နေရပ်ပြန်ပို့ရေးအစီစဉ်ကို လတ်တလော ဖျက်သိမ်းထားပြီဖြစ်တာမို့ ဒီနေ့မှာ စခန်းတွေအတွင်း ပြဿနာတစ်စုံတရာမရှိဘဲ အေးအေးဆေးဆေးရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဒုက္ခသည်တွေပြန်လာရေးနဲ့ ပတ်သက်ပြီး ဒီနေ့ညနေပိုင်းအထိ လက်ခံရေးစခန်းတွေမှာ စောင့်ဆိုင်းခဲ့ပါတယ်။
မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ ဒီနေ့လုပ်ဆောင်ချက်တွေ ကို မောင်တောမြို့နယ်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အခုလို ပြောပါတယ်။
"ပြောထားတဲ့အတိုင်းပဲ အသင့်စောင့်နေတာပေါ့နော်။ တရားဝင် အချိတ်အဆက်မရဘူး။ ဒီနေ့လည်း တရားဝင် အချိတ်အဆက်က အခုထိမရသေးဘူး။ ဒေါက်တာ ဝင်းမြတ်အေး တို့ကတော့ ဒီနေ့ပြန်မယ်လို့ သိထားတယ်။ အစီစဉ်တွေဘာတွေ မဖြစ်ဘူးဆိုရင်တော့ ဒီနေ့ပြန်မယ်လို့ သိထားတယ်။ ပြည်ထောင်စု အစိုးရဘက်က ညွှန်ကြားလာတာတွေရှိမှ တခြားလုပ်သင့်တာလုပ်ရမှာပေါ့။ အခုထိတော့ ဘာမှညွန်ကြားတာ မရှိသေးပါဘူး"
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေဘက်က နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို တောင်းဆိုတဲ့အထဲမှာ မြန်မာအစိုးရဘက်က လိုက်လျောနိုင်ခြေမရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးဆိုပြီး ပေါင်းထည့်ပေးဖို့ တောင်းဆိုချက်ပါဝင်ပါတယ်။
ဘာကြောင့် ဒီအချက်ကို ထည့်သွင်းတောင်းဆိုပါသလဲ။ ဒီတောင်းဆိုမှုအပေါ် မြန်မာအစိုးရဘက်က လိုက်လျောနိုင် မယ်လို့ ထင်ပါသလားလို့ မေးကြည့်တော့ တန်ခါလီဒုက္ခသည်စခန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်က အခုလို ပြောပါတယ်။
“ဦးနု အစိုးရလက်ထက်က ကျနော်တို့ကို ရိုဟင်ဂျာလို့ တရားဝင် အသိအမှတ်ပြုထားတော့ ဦးနု အစိုးရက လုပ်တဲ့လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ရင် အဆင်ပြေပါလိမ့်မယ်။ ရခိုင်တိုင်းရင်းသားနဲ့ အခြား ပါတီတွေက လက်မခံနိုင်ဘူး။ သူတို့ ဘာကြောင့် လက်မခံတာလဲ။ ကိုဖီအာနန် ကော်မရှင်ဖွဲ့တုန်းကလည်း ရခိုင်ပါတီရော အခြားအတိုက်အခံပါတီတွေကရော မျိုးချစ်ပါတီတွေ အားလုံးကရော ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ အခုလည်း ရိုဟင်ဂျာဆိုတဲ့လူမျိုးက ပထမဆုံး ဒီမိုကရေစီခေတ်တုန်းက လက်ခံထားတဲ့ လူမျိုးတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် အဲဒါကို ပြန်လည်အကောင်အထည်ဖော်ပေးဖို့လိုတယ်”
မြန်မာနိုင်ငံကို ပြန်လိုတဲ့ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက်ပြန်ခွင့်ရှိပြီး စခန်းခေါင်းဆောင်တွေက တားမြစ်တာ၊ ခြိမ်းခြောက်တာမျိုးတွေ တစုံတရာမရှိကြောင်းနဲ့ ဒီလိုဆောင်ရွက်တဲ့သူတွေရှိရင်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရထံ တိုင်ကြားနိုင်တယ်လို့ ပြောကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့အခြေအနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အခြေအနေတွေကြား ကွာဟချက်ကို ကူတုပါလောင်ဒုက္ခသည်စခန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်မြိုင်က အခုလို ပြောပါတယ်။
"ဒီမှာတော့ လူသားချင်းစာနာမှု အခွင့်အရေးပေးရေးအဖွဲ့တွေက ပွင့်ပွင့်လင်းလင်း ကူညီလို့ရတယ်။ မြန်မာဘက်မှာက ပွင့်လင်းမြင်သာမှု မရှိဘူး။ အကန့်အသတ်တွေနဲ့ လုပ်ရတယ်။ ဒီမှာတော့ ကန့်သတ်မှု တားဆီးမှု သိပ်ပြီးမရှိတော့ဘူး။ ပွင့်ပွင့်လင်းလင်း ကူူညီလို့ရတယ်"
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာ ခွင့်ပေးမယ်ဆိုတာဟာ ပြန်လာသူတွေကို အကျဉ်းချထားမယ့်သဘောဖြစ်နေပြီး မြန်မာအစိုးရဘက်က ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အာမခံချက်ပေးတာမျိုး မရှိဘူးလို့လည်း ရိုဟင်ဂျာတွေက ပြောကြပါတယ်။
မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား နှစ်နိုင်ငံကြားသဘောတူထားတဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေး အစီစဉ်ကို ဒီနှစ်ဒီဇင်ဘာလကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားမဝင်သတင်းတွေထွက်နေပြီး ဒီနေ့ ညနေ ၅ နာရီခန့်အထိ မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်တော့ မရသေးကြောင်းပါရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့ထားတာပါ။