မြန်မာနိုင်ငံက လူနည်းစုတွေဟာ ညှဉ်းပန်းခံရတာအပါအဝင် အကြမ်းဖက်ခံရတာမို့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်နေရတုန်းပဲလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့ မွတ်စလင် ရိုဟင်ဂျာတွေက ပြောတဲ့အကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေးစုံစမ်းရေးမှူးတွေက မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သီးခြားလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ Kutupalong ဒုက္ခသည်စခန်းကို ၅ ရက်ကြာ သွားရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်ကနှိမ်နင်းတဲ့ မနှစ်က သြဂုတ်လကစလို့ ဘင်္ဂလားဒေ့ရှ်ကို လူ ၇ သိန်းကျော် ထွက်ပြေး လာပြီး ဒီထဲက ထပ်ရောက်လာတဲ့လူတွေကို အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေက တွေ့ဆုံမေးမြန်းခဲ့တာပါ။
သူတို့တွေ့ဆုံစကားပြောခဲ့ရတဲ့ လူငယ်ယောင်္ကျားလေးတွေဟာ အတော်ချောက်ချားတဲ့ လက္ခဏာတွေရှိနေပြီး စိုးရိမ်ကြောင့်ကြနေကြတယ်လို့ စုံစမ်းရေးမှူးတစ်ဦးဖြစ်တဲ့ Radhika Coomaraswamy က ပြောပါတယ်။ ပညာလည်း မသင်ရ၊ နေမှုထိုင်မှုဘဝလည်း အဆင်မပြေကြတာမို့ သူတို့အနာဂတ်အတွက် စိုးရိမ်မိပါတယ်လို့လည်း သူက ပြောပါတယ်။
တွေ့ရှိလာတာတွေကို အဖွဲ့ဝင် ၄၇ နိုင်ငံပါ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှာ အချက်အလက် ရှာဖွေရေးအဖွဲ့က စက်တင်ဘာ ၁၈ ရက်မှာ တင်ပြပါမယ်။ စုံစမ်းရေးကော်မရှင်ကို လူအခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာပါ။