ရိုဟင်ဂျာတွေ ကယ်ဆယ်ရေး ဗြိတိန်အမတ် သတိပေး
2018.03.10
မကြာမီ ကျရောက်တော့မယ့် မိုးနဲ့ မုန်တိုင်းရာသီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် အချိန်လု လုပ်ဆောင်ရန် လိုအပ်နေပြီလို့ ဗြိတိန်အောက်လွှတ်တော် အမတ် Richard Burden ရစ်ချတ် ဘာဒင် က စနေနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို ဒီရက်ပိုင်းသွားရောက်ခဲ့တဲ့ ဗြိတိန်အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် ရစ်ချတ် ဘာဒင်က သစ်သားတွေ ဝါးတွေ ပလတ်စတစ် စတွေနဲ့ ဖြစ်သလိုဆောက်လုပ်နေထိုင်ကြတဲ့ အဲဒီ ဒုက္ခသည် ၆ သိန်းကျော်ထဲက ၁ သိန်းကျော်လောက်ရဲ့ တဲအိမ်တွေဟာ မိုးဒဏ်နဲ့ လေဒဏ်ကြောင့် ပျက်စီးသွားနိုင်တယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားကြောင်း၊ ဒုက္ခသည်စခန်းတွေက တချို့နေရာတွေကို မိုးပြင်းထန်ပြီး မြေပြိုလမ်းချော်မှုတွေဖြစ်ပွားလာရင် ကားနဲ့သွားလို့ရမှာ မဟုတ်တဲ့အတွက် ကယ်ဆယ်ရေး အခက်တွေ့နိုင်ကြောင်း၊ အခုလက်ရှိမှာတင် လူတွေစုပြုံနေ ထိုင်ပြီး ရောဂါဘယ ထူပြောလှပြီဖြစ်တဲ့ အဲဒီ ဒုက္ခသည်တွေကို အချိန်မီ ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းပြီး အဆောတလျှင် ဆောင်ရွက်ဖို့လိုအပ်နေပြီဖြစ်ကြောင်း စသဖြင့် ဗြိတိန်နိုင်ငံ ထုတ် The Huffington Post သတင်းစာမျက်နှာမှာ မနေ့က ရေးသားထားပါတယ်။
အဲဒီ ရိုဟင်ဂျာ သိန်းပေါင်းများစွာ အခုလို ရခိုင်ပြည်နယ်က အစုအပြုံလိုက် ထွက်ပြေးပြီး ဒုက္ခသည်တွေ ဘဝရောက်အောင် ပြုမူခဲ့မှုအတွက် တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူဖို့နဲ့ နေရပ်ပြန်နိုင်အောင် နိုင်ငံတကာက ဆောင်ရွက်ဖို့ လိုအပ်တာမှန်ပါတယ်၊ ဒါပေမဲ့ အခုလတ်တလော ကြုံရမယ့် အခက်အခဲတွေအတွက် ချက်ခြင်းလုပ်ကိုင်ဖို့ လိုတယ်လို့လည်း ဗြိတိန်အမတ် ရစ်ချတ် ဘာဒင်က ပြောပါတယ်။