မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အားလုံးနဲ့ ပူပေါင်းဆောင်ရွက်မယ်လို့ ကုလအကြီးအကဲ ကတိပြု
ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို မိမိဆန္ဒအလျောက် ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေး ဖန်တီးပေးဖို့ အပါအ၀င် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေရှာရာမှာ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကတိပြုလိုက်ပါတယ်။
-
RFA Burmese
2025-02-27 -
-
-
ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို မိမိဆန္ဒအလျောက် ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေး ဖန်တီးပေးဖို့ အပါအ၀င် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေရှာရာမှာ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကတိပြုလိုက်ကြောင်း The Financial Express မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
အတွင်းရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် ယာယီအစိုး အကြံပေးအရာရှိချုပ် ဒေါက်တာမိုဟာမတ်ယူနွတ်ထံ စာတစ်စောင် ပို့ထားပြီး အဲဒီစာထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို အိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာအသိုက်အဝန်း ပူးပေါင်းပြီး ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၁၃ ကနေ ၁၆ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင်သွားရောက်ဖို့ ရှိနေတာပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းမှာ ရိုဟင်ဂျာ အကျပ်အတည်းရဲ့ သက်ရောက်မှုတွေအပြင် ရခိုင်ပြည်နယ်က ပိုဆိုးရွားလာနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို နားလည်ကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ရိုဟင်ဂျာတွေ လုံခြုံဘေးကင်းစွာ နေရပ်ပြန်နိုင်ရေးနဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဒေသတွင်း တာဝန်ရှိသူတွေ၊ အာဆီယံနဲ့ အခြားသော သက်ဆိုင်သူတွေနဲ့ အနီးကပ်လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။
ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လက်လှမ်းမီနိုင်ရေးအတွက် မြန်မာနိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးတို့ကတစ်ဆင့် ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း မစ္စတာဂူတာရက်စ်က ပြောပါတယ်။