ရိုဟင်ဂျာတွေ လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း USIP အစီရင်ခံစာထုတ်ပြန်

RFA Burmese
2024.05.09
ရိုဟင်ဂျာတွေ လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း USIP အစီရင်ခံစာထုတ်ပြန် ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွာတစ်ရွာတွင် စောင့်ကြပ်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး။
Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ ကူကယ်ရာမဲ့ဖြစ်နေပြီး တိုက်ပွဲတွေအတွင်း လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု (USIP) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့အခြေအနေတွေကို စစ်တမ်းကောက်ယူပြီး မေလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

တိုက်ပွဲတွေကြား စားဝတ်နေရေးအပါအဝင် အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေဟာ အတင်းအဓမ္မတပ်သားအဖြစ် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ လူသားဒိုင်းအဖြစ် အသုံးချခံနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)အဖွဲ့က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်လို့ ပြောဆိုစည်းရုံးနေပြီး ရက္ခိုင့်တပ်တော် (AA) ဘက်ကတော့ စစ်ကောင်စီတပ်နဲ့မပူးပေါင်းဖို့၊ စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုတွေကို သတင်းပေးဖို့ သတိပေးစေခိုင်းတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တပ်သားအဖြစ် စုဆောင်းခံရသူတွေထဲက တချို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ထွက်ပြေးလာသူတွေကို ပြန်ပို့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တိုက်ပွဲတွေကြား ရိုဟင်ဂျာ ရာနဲ့ချီ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ဆေးရုံတွေ ပိတ်ထားတာကြောင့် ဆေးကုသမှု မရခဲ့ကြဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) ဘက်က အသာစီးရနေပေမဲ့ စစ်ကောင်စီက ပြည်နယ်တွင်း မတည်မငြိမ်ဖြစ်အောင် ပဋိပက္ခတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနိုင်ခြေရှိတယ်လို့လည်း USIP က ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။