ရိုဟင်ဂျာတွေအတွက် အရေးယူမှုတွေ အရှိန်မြှင့်ဖို့ ICC ရှေ့နေချုပ် ပြောကြား

RFA Burmese
2023.07.07
ရိုဟင်ဂျာတွေအတွက် အရေးယူမှုတွေ အရှိန်မြှင့်ဖို့ ICC ရှေ့နေချုပ် ပြောကြား အိုင်စီစီရဲ့ ရှေ့နေချုပ် Karim AA Khan အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။
Tanbir MIRAJ / AFP

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့လိုအပ်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသရှိ ရိုဟင်ဂျာစခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခတွေထံကနေ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို သူတို့ ဘယ်လိုကိုယ်တွေ့ကြုံတွေ့ခဲ့ရသလဲဆိုတဲ့ ပြောဆိုချက်တွေကို ကိုယ်တိုင်နားဆင်ဖို့ လေးရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ICC ရှေ့နေချုပ်က CNN သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဇူလိုင်လ ၇ ရက်က ပြောကြားလိုက်တာပါ။

ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ ရိုဟင်ဂျာတွေက ကမ္ဘာကြီးဟာ ယူကရိန်းအပါအဝင် တခြားကမ္ဘာ့ဒေသတွေကိုပဲ အာရုံစိုက်နေကြတယ်လို့ ခံစားနေကြကြောင်းနဲ့ သူတို့အတွက် တရားမျှတမှုလိုအပ်တယ်လို့ ယူဆကြောင်း ပြောဆိုကြတယ်လို့ ICC ရှေ့နေချုပ်က ပြောပါတယ်။

ရုရှားသမ္မတပူတင်ကို ယူကရိန်းနဲ့ ပတ်သက်ပြီး ICC က ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အခုအချိန်အထိ အလားတူအရေးယူနိုင်ခြင်း မရှိသေးတာကိုလည်း သူက အသိအမှတ်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။