လူမျိုးစုသုတ်သင်ရှင်းလင်းရေး ကျူးလွန်သူတွေကို ဆက်လက်အရေးယူမည်
2018.08.26

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ထိတ်လန့်စရာ လူမျိုးစုသုတ်သင်ရှင်းလင်းရေး ပြစ်မှုကျူးလွန်ခဲ့ရာမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဆောင်ရွက်ရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်လုပ်ဆောင်သွား မှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မနေ့က ပြောကြားလိုက်ပါတယ်။
မနေ့က ကျရောက်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ထွက်ပြေးရတဲ့ တစ်နှစ်ပြည့် အချိန်ကာလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ Twitter စာမျက်နှာကအနေ အခုလို ရေးသားလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာ ဖြစ်တယ် လို့လည်း မစ္စတာ ပွန်ပီယိုရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်ဒုက္ခသည်တွေအပေါ် ပြစ်မှုကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်နဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင် ၄ ဦးနဲ့ တပ်မတော်တပ်မ ၂ ခုကို အခုလ အစောပိုင်းက အမေရိကန်အစိုးရ ပစ်မှတ်ထားပိတ်ဆို့အရေးယူခဲ့ပါတယ်။
ဒီလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းရာမှာ ဆက်သွယ်လို့မရခဲ့ဘူးလို့ ဒီနေ့ထုတ် ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။