မြန်မာကိုပြန်ပို့မယ့်စာရင်းပါ ရိုဟင်ဂျာတချို့ စခန်းကနေထွက်ပြေး
2018.11.12
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ နှစ်နိုင်ငံ သဘောတူထားတဲ့ နိုဝင်ဘာလ ၁၅ ရက် မတိုင်ခင်၊ ပထမဆုံး ပြန်ပို့မယ့်စာရင်းထဲမှာ ပါဝင်နေတဲ့ မိသားစုတွေ အတော်များများ ဒုက္ခသည်စခန်းကနေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
စာရင်းထဲပါနေတဲ့ မိသားစုတွေ အများစု ထွက်ပြေးသွားကြတာလို့ ကော့ဆက်စ်ဘဇားနဲ့ ၂၅ မိုင်လောက်ဝေးတဲ့ ဂျမ်တိုလီ ဒုက္ခသည်စခန်းက စခန်းလူကြီးတစ်ဦးက ပြောဆိုပါတယ်။ ထွက်ပြေးသူအများစုဟာ အဓမ္မပြန်ပို့ မခံရအောင် ခြေရာဖျောက်တဲ့အနေနဲ့ တခြား နီးရာစခန်းတွေဆီ ထွက်ပြေးသွားခဲ့ကြတာလို့လည်း ပြော ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပြန်ပို့မယ့်စာရင်းထဲမှာ ပါဝင်နေသူ ဒုက္ခသည် ၂၀ ကျော် က ပြန်ရမှာ ကြောက်ရွံ့တဲ့အတွက် မပြန်လိုကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဘယ်သူ့ကိုမှ အတင်းအကျပ် ပြန်ပို့မှာမဟုတ်ကြောင်း၊ စာရင်းထဲမှာ ပါနေသူ တွေ ပြန်လိုတဲ့ဆန္ဒ ရှိမရှိ သေချာအောင် အတည်ပြုပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို တောင်းခံထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ကတော့ အဲဒိလုပ်ငန်းစဉ် မစတင်ရသေးဘူးလို့ ပြောဆိုပါတယ်။ မနေ့ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရင် လုံခြုံမှု ရှိမရှိ ဒုက္ခသည်တွေနဲ့ တာဝန်ရှိသူတွေကို ကနဦး စုံစမ်းခွင့်ပြုဖို့ UNHCR က တောင်းဆို လိုက်ပါတယ်။
မြန်မာ လူကယ်ပြန် ဒေါက်တာ ဝင်းမြတ်အေး ကတော့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပထမဆုံးအသုတ်အဖြစ် ဒုက္ခသည် နှစ်ထောင်ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က အသင့်ရှိနေကြောင်း၊ အမှန်တကယ်ပြန်ပို့ ဖြစ်မလား ဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်အပေါ် မူတည်နေကြောင်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ်။